Part(13) You are a Liar.

2.7K 292 9
                                    

Unicode

Part(13) ကိုစစ်လိမ်တယ်...

ဘာလိုလိုနှင့် ကျွန်တော့်ဘွဲ့နှင်းသဘင်တောင် ရောက်လာတော့မည်။ ဘွဲ့ယူရမည့် အကြောင်းကိုတွေးလိုက်သည်နှင့် အဝေးရောက် ဘွဲ့ယူသွားသည့်ကိုစစ်ကို နာနာကျင်ကျင် သတိရမိပါသေးတယ်။
"အစ်ကို လာခဲ့မယ်။ စောင့်နေနော်" တဲ့။ ဘယ်လောက်တောင်ယုတ္တိမရှိတဲ့ စကားကြီးလဲ။ ပြန်လာမယ်ပြောတုန်းက ချက်ချင်း လိုက်လာမယ်ထင်ခဲ့တာ။ တစ်နှစ်ကြာလည်းပေါ် မလာ၊ နှစ်နှစ်ကြာလည်းပေါ် မလာ၊ သုံးနှစ်ကြာလည်းပေါ် မလာ။ ကိုစစ်ပြန်လာမယ်ဆိုတာ ဘယ်တော့လဲ ဟု အော်ဟစ်၍သာ မေးလိုက်ချင်ပါသည်။ ထိန်းမရသည့် ခံစားချက်တွေက မှုတ်ထုတ်လိုက်သည့် ဆေးလိပ်ငွေ့တွေထဲမှာ ပါသွားရင်ကောင်းမည်။ ကျွန်တော် ဘွဲ့ယူတာကို လာမကြည့်တော့ဘူးလား ကိုစစ်။

"ကိုကို..."

ဝရန်တာမှာ ဆေးလိပ်ထွက်သောက်နေတာ ဘယ်လောက်ကြာနေပြီလဲမသိချေ။ ခြေဖျားမှာ ဆေးလိပ်ဖင်စီခံတွေက ပြန့်ကျဲနေသည်။ မိုးစက်က စိတ်မသက်မသာဖြစ်စွာနှင့် အစ်ကိုဖြစ်သူကို အပြစ်လည်းမတင်ရက်၊ မချော့လည်း မချော့တတ်တော့ပေ။ တံခါးကို အချက်ပြနည်းနှင့် ခေါက်ပြီးဝင်လာခဲ့ပေမဲ့ ကိုကိုက ကြားဟန်မတူ။ နာမည်ခေါ်လိုက်မှ ယောင်နနနှင့် လှည့်ကြည့်လာလေသည်။
"မိုးစက်...ဘာကိစ္စရှိလို့လဲ။ ညစာလား။ ကိုကိုမဆာသေးဘူးလို့ ပြောလိုက်။"

ကိုယ်ဘာသာကိုယ်မေးခွန်းထုတ်ပြီး ပြန်ဖြေသွားသော ကိုကိုက ယခင်နေ့တွေကလိုပဲ နွမ်းလျနေပြန်သည်။
"ဧည့်သည်တွေရောက်နေတယ် ကိုကို။ မေမေက လာတွေ့ခိုင်းနေတယ်။ ကိုကို အိပ်နေတယ်လို့ပြောလိုက်မယ်။"

ညီမဖြစ်သူကတောင် ကျွန်တော့်အတွက် လိမ်ပေးနေရပါရောလား။
"ရတယ်၊ ညီမလေး ကိုကို အခုပဲ ဆင်းလာမယ်။"

"ဟုတ်ပြီ ကိုကို။"

ဂျိုင်းပြတ်ပဲ ဝတ်ထားသည်မို့ အမြင်တင့်တယ်အောင် ဂျာစီ တစ်ထည်ကို ကောက်ဝတ်လိုက်ပြီး မိုးစက်နောက်မှ လိုက်ဆင်းလာလိုက်တယ်။ ဘယ်သူတွေမှန်းမသိပေမဲ့ ဖေဖေ့ရဲ့အသိတြေဖြစ်လောက်သည်ဟု ခန့်မှန်းလိုက်သည်။ ပြုံးရွှင်ပြီးစကားပြောနေလိုက်ကြတာများ။ ထမင်းစားပွဲပေါ်နေရာယူပြီး မိသားစု၏ သားအလိမ္မာလေးအဖြစ် ရောက်လာသည့် ဧည့်သည်တွေကို ဟန်ဆောင် ပြုံးပြရမယ်မဟုတ်လား။
အန်တီကြီးနဲ့ ဦးလေးကြီးကို အလိုက်သင့်ပြုံးပြလိုက်ရုံရှိသေးသည်၊ သူတို့နှင့်အတူ ပါလာသည့် အမျိုးသမီးငယ်ဆီ ကျွန်တော့်အကြည့်ရောက်သွားချိန်မှာတော့ ကျွန်တော့်အပြုံးတွေက သိသိသာသာကို ပျောက်ကွယ်သွားရသည်။

OPPOSITE { Edited Version } Where stories live. Discover now