Unicode
Part(11) ကာနေးရှင်း (ဇော်မွှားပန်း)
"ခုနကတွေ့လိုက်တဲ့ အန်တီက ဖေဖေ့မိန်းမလေ"
တိုက်ရိုက်ပြောခြင်းမဟုတ်ပေမဲ့ ကျွန်တော်နားလည်သင့်သလောက် နားလည်လိုက်သည်။ ကိုစစ်၏ထိုစကားအတွက် ကျွန်တော်မေးခွန်းလည်း ပြန်မမေးဖြစ်ခဲ့သလို ဘာတစ်ခုမှ ပြန်မပြောဖြစ်ခဲ့ပါ။
ခဏကြာတော့ အိမ်ရှေ့က ဟွန်တီးသံကိုကြားလိုက်ရသည်။ ကိုစစ်က ပြတင်းပေါက်ကနေ တစ်ချက်လှမ်း ကြည့်လိုက်ပြီး
"ကားရောက်ပြီအတာ သွားရအောင်။""အင်း"
အောက်ထပ်က အန်တီအား နှုတ်ဆက်ပြီး ကားဆီကို နှစ်ယောက်သား သွားကြသည်။ ဟိုက်ဂျက်ကား ဖြစ်ပြီး အနောက်ခန်းတွင် ပုံးများ ထားထားရာ နည်းနည်းစီလိုက်လျှင်တော့ ထိုင်စရာနေရာ တစ်နေရာစာတော့ ထွက်လာမည်ဖြစ်သည်။ ဟိုက်ဂျက်ကား ဆိုတော့ သိသည့်အတိုင်းပင် ရှေ့ခန်းက အနည်းငယ်ကျပ်သည်။ ကိုစစ်က ဦးကြူးဆိုသည့်လူကို နှုတ်ဆက်နေသည်။ ပြီးနောက် ကျွန်တော့်အား
"အတာက အရှေ့မှာထိုင်လိုက်လေ။ အစ်ကို အနောက်မှာ ထိုင်လိုက်မယ်။""မဟုတ်တာ ကိုစစ် ရှေ့ခန်းမှာ ထိုင်လိုက်"
သူတစ်ပြန်ကိုယ်တစ်ပြန်ငြင်းနေစဉ် ဦးကြူးဆိုသူက ဝင်ပြောလေသည်။
"ကဲကဲ ငြင်းမနေနဲ့တော့၊ နှစ်ယောက်လုံးရှေ့ခန်းမှာပဲ ထိုင်လိုက်ကြတော့လေ။ ငါ့တူကြီးတွေက ပိန်ပိန်လေးတွေကို၊ တက်!တက်!"
မတတ်သာသည့်အဆုံးမှာတော့ သူ့အစီစဉ်ကိုသာ လက်ခံလိုက်ကြသည်။ ထိုင်ရတာ သိပ်သက်တောင့်သက်သာ မရှိလှသော်လည်း ခုနကအစီစဉ်ထက်တော့ ပို၍ကောင်းလေသည်။ ခုနကအတိုင်းသာဆိုလျှင် တစ်ယောက်တစ်နေရာစီဖြစ်နေလိမ့်မည်။
ကားမောင်းနေစဉ် ကိုစစ်ဘက်ကစကား စမပြော။ သည်တိုင်းလေး ဆိတ်ဆိတ်သာနေသည်။
"ကိုစစ် သီချင်းနားထောင်မလား။""အင်း ကောင်းသားပဲ။"
နားကြပ်ကို ထုတ်ပေးကာ ကိုစစ်အားတစ်ဖက် ကျွန်တော်တစ်ဖက်တပ်လိုက်သည်။ ပြောရလျှင် ထိုနှစ်တွေက ကျွန်တော်က အတန်သင့်ပိုက်ဆံရှိမိသားစုဖြစ်၍ screen phone ကိုကိုင်ရသည်။ ကိုစစ်ကတော့ keypad လေးသာကိုင်သည်။ သီချင်း playlist ထဲကိုဝင်ပြီး L လွန်းဝါ၏ချစ်မျက်ဝန်း သီချင်းကို ဖွင့်လိုက်သည်။ ကားပေါ်မှာဆိုလျှင် အမြဲအိပ်ပြီး လိုက်တတ်သည့်ကျွန်တော့်အတွက် ကားစထွက်သည်နှင့် ငိုက်မြည်းလာတော့သည်။ ကိုစစ်က ကျွန်တော်အိပ်ငိုက်နေသည်ကို သိနေသည်ထင်၊ ကျွန်တော့်အား ပြောလာလေသည်။