Unicode
အချပ်ပို (၂)
"မေမေ ကိုကိုတို့ပြန်လာပြီ!"
သမီးငယ်က အခန်းထဲသို့ အလောတကြီးဝင်လာကာပြောတော့ ဒေါ်နွေခင် ရင်ထဲ ဒုန်း ခနဲဖြစ်သွားသည်။ ထိုင်ခုံကနေ ရုတ်တရက် ထလိုက်တော့ သည်ရက်ပိုင်းအတွင်း စိတ်ပင်ပန်းထားသည့် ဒဏ်တွေကြောင့်လူက မိုက်ခနဲဖြစ်သွားတာမို့ ခုံပေါ်ပြန်ထိုင်ချလိုက်ရသည်။
မိုးစက်က အနီးသို့ရောက်လာသည်။
"မေမေ နေ သာရဲ့လား?"မိုးစက်ကို လက်ကာ ပြမိသည်။
"မေမေ သူတို့နဲ့ထွက်မတွေ့တော့ဘူး။ ပြန်လွှတ်လိုက်တော့..""မေမေ...."
"မေမေအပြစ်ရှိသလိုခံစားရတယ် မိုးစက်! သမီး အစ်ကို မိုးစစ်ဟန်ကို စိတ်ဝင်စားနေမှန်း မေမေ သူစံကားသွားတဲ့အချိန်မှသတိထားမိတာ။ အဲနေ့က ထွဋ်ခေါင်ဆိုတဲ့ကောင်လေးပါ ခရီးလိုက်မယ်ဆိုပြီး သူ မေမေ့ကို လိမ်ခဲ့တယ်။ နောက်နေ့အိမ်ကို ထွဋ်ခေါင် ဆိုတဲ့ကလေး ရောက်လာတယ်လေ။ သူစံကားမပါသွားဘူး။ သူက အဲခရီးစဉ်ကို သိတောင်မသိဘူးလေ။ မေမေ့ရဲ့သံသယတွေက အဲမှာစတာ"
"ဒါပေမဲ့ မေမေရယ်.."
"မေမေ အဲတုန်းက ကိုယ့်ကိုယ် အပြစ်တင်ခဲ့တယ်။ ငါ့သားကယောက်ျားတစ်ယောက်ကို ကြိုက်နေတာ ငါသွန်သင်မှု မကောင်းလို့ဆိုပြီး။ အခုလည်း မေမေကိုယ့်ကိုယ် အပြစ်တင်မိတယ်။ ဘာလို့ ငါ့သားကို ငါ လက်မခံပေးခဲ့ရတာ ဆိုပြီးတော့။ မဆိုးပေဘူးလား မိုးစက်ရယ်..."
"..."
ဒေါ်နွေခင်က လိမ့်ဆင်းလာသည့် မျက်ရည်တွေကို ခပ်ကြမ်းကြမ်း ဖိသုတ်လိုက်သည်။
"သားသမီးချင်း ကိုယ်ချင်းမစာဘဲ မဆီမဆိုင် လူတစ်ယောက်ကို အသုဘနဲ့ကြုံနေတဲ့ ပူပူနွေးနွေးအချိန်မှာ ဖိအားတွေအများကြီး ပေးခဲ့မိတာ ရှက်လို့ မျက်နှာတောင်ထွက်မပြဝံ့ဘူး"
မိုးစက်က ဘေးတွင် ပုဆစ်တုပ်ထိုင်ချလိုက်သည်။
"မေမေမှားတယ်ဆိုတာ သမီးသိတယ်။ အဲတုန်းကလည်း မေမေ့ကို သမီးစိတ်ဆိုးချင်ပေမဲ့ သမီးမဆိုးခဲ့ဘူး။ သမီး အမေ့ဘက်ကနေပြီး ဖြည့်တွေးပေးခဲ့တယ်။ သမီးတို့က မိသားစုတွေလေ။
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြည့်ပြီး တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က နားလည်ပြီး ဖြည့်တွေးပေးရမယ်။"