Unicode
Part(16) You are the one who I love
မိုးစစ်ဟန်
ကျွန်တော့်ဘဝလေးက ကျွန်တော့်အတွက်တော့ ပုံမှန်ပါပဲ။ ဆောင်းပါးတွေမှာ စာမူတိုတိုလေးတွေရေးတဲ့ အိမ်ထောင်ကွဲအဖေတစ်ယောက်ရယ်၊ သူယူထားတဲ့နောက်မိန်းမဖြစ်သည့် စက်ချုပ်သမ အန်တီတစ်ယောက်နှင့် အတူတူနေထိုင်ဖြတ်သန်းရသည်။
အမေအရင်းကလည်း နောက်အိမ်ထောင်နဲ့ပင်။ နောက်အိမ်ထောင်ပြုထားကြသည့် အဖေနှင့် အမေကြားမှာ ဘာလို့အဖေနဲ့ နေဖြစ်တာလဲလို့ မေးရင်တော့ အမေက ကျွန်တော့်ကို အရင်ထားသွားခဲ့တာလေ။ ဒါကြောင့် ဒါကြောင့်ပဲပေါ့... ဒါပေမဲ့ အမေ့ဘက်က အဘွားတွေ၊ ဦးလေးတွေက သိပ်ချစ်တာမို့ စံကားဘက်ကို ခဏခဏပြန်ဖြစ်သည်။ အမေနဲ့မတွေ့နိုင်တာက လွဲရင်ပေါ့...
ဆယ်တန်းကို အမှတ်ကောင်းကောင်းနှင့် အောင်ခဲ့တာမို့ ဝါသနာပါသည့် TU ကိုပဲ တက်ဖြစ်ခဲ့သည်။
တက္ကသိုလ်စရိတ်စက က ကြီးတာမို့ အဖေ့ရဲ့စာမူခပေါ်မှာ မှီခိုဖို့ဆိုတာ မဖြစ်နိုင်။ ထို့ကြောင့် ဆယ်တန်းပြီးကတည်းက ညဂိုက် သင်သည့်အလုပ်ကို လုပ်ခဲ့သည်။ one by one လို တစ်ဖုံ... အဆောင်ညဝိုင်းတွေမှာ တစ်ဖုံ အချိန်ကို လှည့်ပြီး ကိုယ့်ဘာသာကိုယ်လည်း စာပြန်လေ့လာရသေးသည်။
သူငယ်ချင်းဆိုလို့ အတန်းထဲကယောက်ျားလေး တချို့ရှိပေမဲ့ အမှန်တော့ ရှိုင်းယံ တစ်ယောက်နှင့်သာ သေချာပေါင်းဖြစ်သည်။ ဆယ်တန်းတုန်းက ရှိုင်းယံနှင့် နှင်းမှုန် ဆိုသည့် သူငယ်ချင်းနှစ်ယောက်ရှိခဲ့ပေမဲ့ တက္ကသိုလ်ရွေးချယ်ရာတွင်တော့ နှင်းမှုန်က မန္တလေးဘက်ကို ပြောင်းသွားသည်မို့ ရှိုင်းယံတစ်ယောက်သာ ကျန်ခဲ့သည်။ ငယ်ပေါင်းမို့အကြောင်းသိသည့် ရှိုင်းယံနှင့်ပေါင်းရတာ ပိုအဆင်ပြေလှသည်။
တက္ကသိုလ်နေ့ရက်တွေကတော့ ပုံမှန်ပါပဲ။ အင်း တတိယနှစ်အထိပေါ့။ 4BE ရောက်သည့် အချိန်မှာတော့ ကျွန်တော့် နေ့ရက်တွေက ပုံမှန်ထက်ပိုသည့် အခြေအနေကို စတင်ကူးခတ်လာတော့သည်။
အဘယ်ကြောင့်ဆိုသော် သွက်လက်ချက်ချာသည့် ကောင်လေးတစ်ယောက်က ကျွန်တော့်ဘဝထဲကို တိုးဝင်လာခဲ့တာကြောင့်ပင်။ သူ့နာမည်က သင်္ကြန်တဲ့။ တစ်နည်းဆိုရရင် အတာပေါ့...
