Part(8) The Beginning of the Problems

3.1K 324 2
                                    

Part(8) ပြဿနာများစတင်ခြင်း

မျက်မှန်ကို လက်ခလယ်ဖြင့် ပင့်တင်လိုက်ပြီး ဖက်လက်စ စာအုပ် ဖြစ်သည့် ဆရာမင်းလူ၏ ရယ်မောခြင်းပေါင်းချုပ် စာရွက်တစ်ရွက်ကို ထပ်လှန်လိုက်သည်။ ငါးရက်ဆက်တိုက်ဖတ်နေပေမဲ့ စာအုပ်က သာမန်ထက်ပိုထူသည်ဖြစ်ရာ လေးပုံတစ်ပုံလောက်ဖတ်ရန် ကျန်နေသေးသည်။
ကျွန်တော့်ကို အနီးမှုန်မျက်မှန်လေးနှင့်မြင်ရင် ကိုစစ် ရယ်မလားပဲ။ အရင်က ကိုစစ်ကို စာသိပ်ဖတ်လွန်းလို့ မျက်မှန်တပ်ရတာ၊ အဲတာကြောင့် စာမဖတ်နဲ့လို့ တိုက်တွန်းခဲ့တဲ့ ကျွန်တော်က ယခုမူတော့ စာဖတ်လွန်းပြီး မျက်မှန်နဲ့ဖြစ်နေပြီ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကွဲလွဲနေကြအတိုင်း ကိုစစ်က အဝေးမှုန်။ ကျွန်တော်က အနီးမှုန်။ ကြုံနေကျလိုဖြစ်လို့ သိပ်တောင်မဆန်းတော့ပါဘူး။

ရယ်မောခြင်းပေါင်းချုပ်ကိုဖတ်ပြီး ကိုစစ်ပြောပြဖူးသည့် မရယ်ရတဲ့ဟာသလေးတွေကိုတောင် သတိရမိ၏။
ဥပမာ- လူတစ်ယောက်က အဘိုးကြီးကို ကားနဲ့တိုက်မိတာ၊ သွားကြည့်တော့ မရှိတော့ဘူးတဲ့။
အဲသည်လိုရိုးရှင်းတဲ့ ဟာသတွေကို ကျွန်တော် ကြိုသိနေပေမဲ့ မသိချင်ယောင်ဆောင်ပြီး ရယ်ပေးခဲ့တာ။ အဲတာက ကိုစစ်ကို လှောင်တာမဟုတ်ဘူး။  ကိုစစ်ပြောတဲ့ဟာသတွေဟာ ရယ်ရသည်ဖြစ်စေ၊ မရယ်ရသည်ဖြစ်စေ ကိုစစ်ရဲ့ဟာသတွေက ကျွန်တော့်ကို ရယ်စေချင်လို့ဆိုတာကို ကျွန်တော်သဘောပေါက်တာမို့။

ကိုစစ်က ဟာသဉာဏ်မရွှင်ပေမဲ့ သူဖတ်ဖူးတဲ့ စာအုပ်အကြောင်းကိုပြောပြတဲ့ နေရာမှာတော့ သိပ်ကိုပြောင်မြောက်တာကို ကျွန်တော်ဝန်ခံပါရစေ။  ခရီးသွားတိုင်း မပျင်းရအောင် သူဖတ်ဖူးသည့် စာအုပ်အကြောင်းတွေကို စိတ်ဝင်စားလာအောင် ဆွဲဆောင်ပြီးပြောပြလေ့ရှိသည်။ စကားပြောသည့်နေရာမှာ လိုအပ်တဲ့အသံအနေအထားကိုပါ ပိုင်နိုင်အောင် ပြောတတ်လွန်းသူကြီးပါ။ သြရှရှအသံလေးက မပျင်းရလေအောင် သိပ်ကိုဆွဲဆောင်နိုင်လေရဲ့။  ကိုစစ်ပြောပြဖူးတဲ့အကြောင်းမှာ ကျွန်တော် အခုထိ မှတ်မှတ်ရရ အသည်းထဲစွဲနေတာကတော့ ချစ်ဦးညို ရေးထားတဲ့ မဏိစန္ဒာ ဥဒါန်း ဆိုတဲ့စာအုပ်အကြောင်းပဲ။ 
<<ကျန်စစ်သားနဲ့ မဏိစန္ဒာခေါ် ခင်ဦးတို့ရဲ့ ပထမဆုံးတွေ့ဆုံချိန်မှာ ခင်ဦးကြဲလိုက်တဲ့ ပန်းတစ်ပွင့်ကို ချစ်ရတဲ့အမောင်က လှံသွားလေးနဲ့ကောက်ယူသွားသတဲ့။  ခင်ဦးဟာ ထိုအချိန်ထဲက ရိပ်မိသင့်ပါရဲ့... ထိုပန်းပွင့်လေးဟာ အနာတရဖြစ်ပြီးမှ အမောင့်ဆီကိုရောက်ခဲ့တာကို... ဘယ်သူကထင်မှာလဲ... ရာဇဝင်တွင်မဲ့စစ်ပွဲမှာ အချစ်တွေက ကမ္ဗည်းတင်ခဲ့မယ်လို့... သစ္စာတရားနဲ့ယှဉ်ရင် ခင်ဦးကို ထားရစ်ခဲ့တဲ့အမောင်...
သေဆုံးခြင်းမရှိတဲ့အချစ်...
ပျက်စီးခြင်းမရှိတဲ့အချစ်...
ရှင်သန်ခွင့်မရှိတဲ့အချစ်...>>

OPPOSITE { Edited Version } Where stories live. Discover now