Unicode
အချပ်ပို (၃)
"ကိုအာကြီး ရာသီဥတု အခြေအနေကို ကြည့်ပြီး စလပ် လောင်းလိုက်တော့။ မိုးတော့ မရွာလောက်ပါဘူးနော့။"
ကိုစစ်က ကောင်းကင်ကို တစ်ချက်ကြည့်ပြီး ပန်းရံခေါင်းကို လှမ်းပြောသည်။ ကျွန်တော်ကတော့ အမှုမဲ့အမှတ်မဲ့ပင်။ ကိုစစ် လက်ထဲက လှန်ထားသည့် စာမျက်နှာကို ခေါင်းတိုးပြီးကြည့်နေမိသည်။
"အတာ.. ဟိုဘက်တိုးဦးလေ။ မင်းကိုယ်လုံးက အစ်ကို့ထဲ ဝင်တော့မယ်။ ဇွတ်!"
ကျွန်တော့်ကို မျက်နှာလေးရှုံ့ကာ ပြောနေသည့် ကိုစစ်ကို ကြည့်ကာ ပြုံးမိသည်။ သူပြောလည်း ပြောချင်စရာ။ ကျွန်တော့်ခေါင်းက သူ့ရင်ဘတ်နားကို ကပ်နေလို့ နှလုံးခုန်သံကိုတောင် ခပ်စိတ်စိတ်ကြားနေရသည်။
"ဒီမယ်လေ ကျွန်တော် plan ပုံကြည့်နေတာကို!"
"ဟာ့! အပိုမပြောနဲ့ ဘာ plan ပုံကြည့်နေတာလဲ? အရင်တုန်းကလို drawingကို အလွတ်ကျက်နေတာလား။"
"ကိုစစ်နော်။ အဲတာ ကိုစစ်အမှားပဲလေ။"
"အမယ်! ဖြစ်ရတယ်။ ဘာဆိုင်လဲ?"
"မဟုတ်လို့လား။ ကိုစစ်အနံ့က အဲလောက် မွှေးနေတာကို။ ကျွန်တော်အာရုံက သိပ်ကောင်းနေတော့ ခေါင်းကပါ သူ့အလိုလိုကပ်သွားတာလေ!"
ထိုစကားကိုကြားတော့ ကိုစစ်နှုတ်ခမ်းလေးက ပြုံးယောင်သမ်းသွားသည်။ သို့သော် လက်က ကျွန်တော်ကို အသာတွန်းလိုက်ကာ
"မင်း စကားတွေတတ်နေလိုက်။ တော်ပြီ ပြန်ရအောင်။ စာလုပ်ရဦးမှာမလား?"ကျွန်တော်ကိုစစ်ကို ခေါင်းညိတ်ပြလိုက်သည်။ စာလုပ်ရဦးမှာ ဆိုသည်က ကျွန်တော် ဖြေရတော့မည့် N3 စာမေးပွဲကို ဆိုလိုသည်။ JLPT က တစ်နှစ်ကို စာမေးပွဲဖြေချိန်နှစ်ခါရှိသည်။ ၇လပိုင်းတွင်တစ်ခါ။ ၁၂ လပိုင်းတွင်တစ်ခါ။ လာမည့် ၇လပိုင်းမှာပဲ တစ်ခါတည်း အောင်၊ အောင်ဖြေဖို့ စိတ်ကူးရှိတာကြောင့် စာကို အသေလိုက်မှတ်နေရသည်။ N5 နှင့် N4 တုန်းကထက် ပိုများလာသည့် စာတွေ၊ kanji တွေကြောင့် ပိုပြီးဂရုစိုက်ရသည်။
![](https://img.wattpad.com/cover/324654620-288-k140440.jpg)