Unicodeအချပ်ပို(၁)
မှုန်ဝါးဝါး နောက်ကျောပြင်သည် မြူမှုန်တွေကြား တဖြည်းဖြည်းဝေးကွာသွားလေသည်။ မီးပုံးပျံကွင်းအတွင်း လူများက တစ်စတစ်စ များပြားလာပြီး ထို နောက်ကျောပြင်လေးက ကျွန်တော့်ရဲ့ ခေါ်သံကိုလျစ်လျူရှုကာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မတတ်။
"ကိုစစ်.. ကိုစစ်"
ပိုပိုပြီးထူထပ်လာသည့်လူအုပ်မှာ ကျွန်တော် ကြားညှပ်နေသည်။ အတင်းတွန်းကန်ပြီး ပြေးလွှားနေပေမဲ့ ပြေးလေ ပြေးလေ အရှေ့ကို မရောက်နိုင်ဘဲ အနောက်သို့ ပြန်ပြီး တွန်းတိုက်ခံနေရသလို။
နောက်ဆုံး လက်ကျန်အားနှင့် အာခေါင်ခြစ်အော်လိုက်မိသည်။
"ကိုစစ်!!!""အတာ.. အတာ အစ်ကို ရှိတယ်လေ။"
ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့ မိှန်ပျပျမီးရောင်ကြားတွင် ကိုစစ်က ကျွန်တော့်ဘေး၌ ငုံ့မိုးပြီး အသာလှုပ်နိုးနေသည်။
အိပ်နေရာမှ ထထိုင်လိုက်တော့ ကိုစစ်က မီးခလုတ်ကိုလှမ်းဖွင့်သည်။ ကျွန်တော့်မျက်နှာမှာ အရည်တချို့ကရွှဲစိုနေသည်။ ချွေးတွေလား။ မျက်ရည်တွေလား မသဲကွဲခင်မှာ ကိုစစ်က တဘက်ဖြင့်အသာအယာ သုတ်ပေးလေသည်။
"အိပ်မက်ဆိုးတွေမက်နေတာလား။ ခဏ အစ်ကို ရေသွားယူ ပေးမယ်။"ထပြီး ရေခပ်ပေးဖို့ လုပ်နေသည့်ကိုစစ်၏ လက်ကို ဆွဲချလိုက်တော့ တခြားကို စိတ်ရောက်နေသည့်သူက ကျွန်တော့်ရင်ခွင်ထဲကို အလိုက်သင့် ခွေကျလာသည်။
"အတာ.." ဟု ခပ်တိုးတိုးခေါ်ပြီး တွန်းကန်ဖို့ပြင်တော့ ကျွန်တော်ပိုပြီး တင်းတင်းဖက်ထားမိလိုက်သည်။
"မသွားပါနဲ့။ ကျေးဇူးပြုပြီး ကျွန်တော့်ဆီက မသွားပါနဲ့လား...""အစ်ကို မသွားဘူးလေ။ မင်း ရေသောက်ဖို့လိုတယ်။"
"ကျွန်တော်မသောက်ချင်ဘူး။"
".."
တစ်ဖက်ဆီမှအဖြေပြန်မလာတော့ဘဲ ကျွန်တော့်ခါးဆီသို့ လက်နှစ်ဖက်က ပွေ့ဖက်လာပြီး ကျောကို ပွတ်သပ်ပေးလာလေသည်။
