Part(4)Thrice

4.1K 390 26
                                    

Part(4)သုံးကြိမ်...

ကိုစစ်နှင့် ပိုရင်းနှီးလာစေသည့် တတိယအချက်ကိုတော့ ကျွန်တော်ကိုယ်တိုင် ဖန်တီးခဲ့ပြီး ကျွန်တော်ကိုယ်တိုင် စတင်ခဲ့မိတာပါ။ ၂လပိုင်းကုန်၊ ၃ လပိုင်းရောက်လာသည့် အချိန်မှာတော့ ကျွန်တော့်ညီမလေး၏ ဆယ်တန်းစားမေးပွဲ ကာလက နီးကပ်လာသည်နှင့်နီးတူ ကျွန်တော်ရဲ့ first yr ပထမနှစ်ဝက်ကလည်း ရောက်ရှိလာသည်။ ကျွန်တော့် ညီမလေးကို ကိုစစ်စာလာပြချိန်မှာ ကျွန်တော်က အစဉ်အလာမပြတ် ဘေးမှာဖုန်းသုံးရင်း ထိုင်စောင့်နေဆဲ။ ကိုစစ်နှင့် ညီမလေးကိုစိတ်မချ၍ မဟုတ်ပါ။ ကျွန်တော် သူတို့နှစ်ယောက်လုံးကို ယုံသော်ငြား စိတ်လိုလက်ရ သွားထိုင်နေတုန်းပါပဲ။ စာသင်ချိန်တိုင်း ကိုစစ်က ကျွန်တော့်ကို သိပ်စကားမပြော၊ ပုံမှန်တိုင်း စာသင်မြဲ စာသင် ညီမလေး စာတွက်ချိန်တွင်တော့ သူက အမြဲစာအုပ် ဖတ်နေလေ့ရှိသည်။ ဒီတစ်ခေါက် သူဖတ်နေသည့် စာအုပ်ကတော့
"မဏိစန္ဒာဥဒါန်း"တဲ့... ကျွန်တော် ထင်ပါတယ်၊ ကိုစစ် မျက်မှန်တပ်ရတာ စာသိပ်ဖတ်လို့ပဲဖြစ်မယ်။

ထိုနေ့မှာတော့ ကိုစစ်က ထူးထူးဆန်းဆန်း သူ့ဘက်မှစ၍ စကားပြောလာပါသည်။
"အတာ...စာမေးပွဲနီးပြီနော်။ စာတွေဘယ်လိုနေလဲ။"

"ဒီလိုပါပဲ ...ဟဲဟဲ ... စာတောင်မစုံသေးဘူး။"

ကိုစစ်ကတော့ ဘယ်သူ့ရှေ့မှမရှောင် ထိုနာမ်စားလေးကို ခေါ်တတ်ပါသည်။ ကျွန်တော် ဘက်မှ ရှိုးတိုးရှန်းတန်းဖြစ်နေသော်လည်း သူ့ဘက်ကတော့ ညီငယ်တစ်ယောက်လို သိပ်ကိုရိုးသားရှာပါသည်။ ထိုသို့ ဆိုလိုက်၍ ကျွန်တော်က သူ့အပေါ်မရိုးသားခြင်းတော့ မဟုတ်ပါ။ အဖြူထည် စစ်စစ်မဟုတ်ပေမဲ့ နို့နှစ်ရောင်လေးတော့ သန်းနေသည် ထင်ပါရဲ့။ ကျွန်တော် ထိုကတည်းက ရိပ်မိသင့်ပါသည်။ ထိုနို့နှစ်ရောင်ကို အရောင်ဆိုးချင်နေသူက ကျွန်တော်ကိုယ်တိုင် ဖြစ်မှန်းမသိဖြစ်နေတာကိုပေါ့။ အတာ ဆိုသည့် အသုံးအနှုန်းကြောင့် စာတွက်နေသည့် မိုးစက်က ကျွန်တော်တို့နှစ်ယောက်ကို မျက်လုံးလှန်ကြည့်သည်။ ကျွန်တော်က ကိုယ့်စာကိုယ် တွက်စမ်း ဆိုသော အမူအရာပြလိုက်မှ ပြန်ကုပ်သွားရှာသည်။

OPPOSITE { Edited Version } Where stories live. Discover now