Part(3) နှစ်ကြိမ်တိုင်တိုင်
အဲသည်လိုနှင့် ကိုမိုးစစ်ဟန် က မိုးစက်ကို ဂိုက်လာပြပေးတာ တစ်လကျော် ကြာခဲ့သည်။ ကျွန်တော်က တစ်ခါတလေ သွားစောင့်ပေးတာမျိုးလောက်သာရှိပြီး သူနှင့်ကျွန်တော် ဆက်ဆံရေးကလည်း သည်လိုပါပဲ.. ကျောင်းမှာတွေ့လို့ ကျွန်တော့်ဘက်ကပြုံးပြလျှင် သူ့ဘက်က ခေါင်းညိတ်ပြတာလောက်နှင့် အဆုံးသတ်လေ့ရှိသည်။
သို့သော် တစ်ခါမှာတော့ ကျွန်တော်နှင့်သူ့ကို ရင်းနှီးစေသည့်အကြောင်းရင်း သုံးချက်တိတိ ပေါ်လာခဲ့သည်။ အင်း…ကျွန်တော်က ဖန်တီးခဲ့တယ် ဆိုလျှင်ပိုမှန်ပါလိမ့်မည်။ပထမအချက်ကတော့…
"သား မေမေတို့ ညောင်ရွှေသွားမလို့ လိုက်မယ်မလား။"တစ်ခုခုဆို မိုးစစ်ဟန်ကို ပြေးမြင်မိတတ်သော ကျွန်တော်က
"ဒါဆို မိုးစက် ဂိုက် မရှိဘူးပေါ့။""အေးလေ မေမေတောင် ကောင်လေးကိုဖုန်းဆက်ပြီး မလာနဲ့လို့ ပြောရဦးမယ် မင်းညီမလည်း လိုက်ချင်တယ်ဆိုလို့ ခေါ်သွားမလို့လေ၊ သားလည်းလိုက်မယ်မလား။"
မဟုတ်သည့်ကိစ္စဆိုလျှင်တော့ ကျွန်တော့်ခေါင်းက သိပ်ကို အစွမ်းထက်ပါသည်။
"သားမလိုက်တော့ဘူးမေမေ၊ ပြီးတော့ ကိုမိုးစစ်ဟန်ကိုလည်း သားပဲဖုန်းဆက်လိုက်မယ်။ သားမှာ သူ့ဖုန်းနံပါတ်ရှိတယ်။"မေမေကတွေးတောနေဟန်ဖြင့်
"ဪ အေ ဟုတ်သား။ သားတို့က တစ်ကျောင်းတည်းဆိုတာကို မေမေ မေ့နေတာ။ ဒါဆိုသားပဲ ဖုန်းဆက်လိုက်တော့ ညအိပ်ရဲတယ်မလား။"
"အိပ်ရဲပါတယ်မေမေရဲ့၊ သွားမှာသာသွား"မေမေက ဘာမှမပြောဘဲ ထွက်သွားသည်။ အမှန်က ကျွန်တော်လိမ်ခဲ့တာပါ။ ကျွန်တော့်မှာ ကိုမိုးစစ်ဟန်နဲ့
ပတ်သက်ပြီး ဘာမှ ရေရေရာရာသိတာ မရှိခဲ့။ မေမေတို့ထွက်သွားပြီး ညနေ ၆နာရီလောက်ရောက်တော့ သူရောက်လာသည်။ အပေါ်ထပ်ပြတင်းပေါက်ကနေ သူ့ကို လာပို့သည့် သူ့သူငယ်ချင်း ရှိုင်းယံ၏ဆိုင်ကယ် အတန်ငယ်ဝေးဝေးရောက်မှ အောက်ထပ်ကိုဆင်းလာပြီး သူ့ကိုတွေ့လိုက်သည်။"ကိုမိုးစစ်ဟန် ဒီနေ့မေမေတို့ ညောင်ရွှေသွားလိုက်တယ်၊ ညီမလေးရောပါသွားတယ်။"