(18)Unicode

4.1K 371 19
                                    

နေ့လယ်နေ့ခင်းမို့ ဆောင်းဦးအငွေ့အသက်တွေလွှမ်းခြုံထားတဲ့ သစ်လုံးအိမ်လေးဟာ အေးစိမ့်စိမ့်။ရှောင်းကျန့်က ဆက်တီခုံမှာထိုင်နေတာဆိုပေမဲ့ စောင်ကို ပခုံးပေါ်ကနေလွှားခြုံထားတာမို့ နည်းနည်းတော့အနွေးသားရယ်။သစ်တောအရာရှိဝမ် ဘယ်ရောက်နေတယ်မသိတာမို့ မျက်လုံးကစားရင်း စားပွဲပေါ်တင်ထားတဲ့ နေကြာစေ့ထုပ်ဆီအကြည့်ရောက်သွားတယ်။နေကြာစေ့ကြိုက်တယ်ရယ်လို့မဟုတ်ပေမဲ့ ဒီတိုင်းထိုင်နေမဲ့အတူတူ အပျင်းပြေဝါးဦးမှပါပဲ။

ရှောင်းကျန့် နေကြာစေ့ထုပ်ကိုဖွင့်ဖောက်ပြီးတာနဲ့ ယုန်သွားလေးနဲ့ကိုက်ဝါးဖို့ရာ နေကြာစေ့တစ်စေ့ကို နှိုက်ယူလိုက်ပါတယ်။ ခွပ်ခနဲ ကိုက်အချမှာ နေကြာစေ့က ပဲ့ပဲ့ရွဲ့ရွဲ့ထွက်လာလေရဲ့။ ရှောင်းကျန့် အဲ့ဒါကြောင့်မို့ နေကြာစေ့မစားချင်တာ။ တကယ်...တကယ်... စိတ်ရှည်ချင်စရာတစ်ကွက်မှကိုမရှိတဲ့ နေကြာစေ့ပါပဲ။

ဖွင့်ဖောက်ပြီးမှတော့မထူးတော့ပြီမို့ ဆက်ဝါးဖို့သာကြံရွယ်လိုက်ပါတယ်။မျက်စောင်းလက်လက်လေးကတော့ နေကြာစေ့ရော၊ နေကြာစေ့အိတ်ကိုပါ လှစ်ခနဲထိုးပစ်ပြီးသားရယ်။ အခွံတွေကို ခဲရာခဲဆစ်ဆွဲဖယ်ပြီးတဲ့အခါ နေကြာစေ့အကြေအမှုန့်လေးတွေကို လက်ဖဝါးသေးသေးလေးထဲ ထည့်ပြီး လျှာဖျားလေးနဲ့ သိမ်းခတ်လျက်ပစ်လိုက်တယ်။ နောက်တစ်စေ့ကြိုးစားခွါကြည့်ပါဦးမယ်။

ဒီတစ်ခါ ခွပ်ခနဲကိုက်အချမှာတော့ နေကြာစေ့က နှစ်ခြမ်းကွဲသွားလေရဲ့။ ရှောင်းကျန့်လည်း အခွံနဲ့ကျောချင်းကပ်နေတဲ့ နေကြာစေ့တစ်ခြမ်းပဲ့လေးကို လက်သည်းထိပ်ဖျားလေးနဲ့ ဆွဲခွါထုတ်ရပြန်ပါတယ်။ နှစ်ဖက်စလုံးကို ဆွဲခွါပြီးမှသာ နေကြာစေ့ နှစ်ခြမ်းကို ပါးစပ်ထဲပစ်သွင်းလိုက်ရတာပါပဲ။ တကယ် တကယ် အလုပ်ရှုပ်လွန်းတဲ့ နေကြာစေ့တွေပါပဲ။

ရှောင်းကျန့်တစ်ယောက် တတိယမြောက်နေကြာစေ့ကို အသာအယာ နှိုက်ယူလိုက်ပြန်ပါတယ်။ဒီတစ်ခါတော့ အထာနပ်သွားပြီရယ်။ အလုပ်ရှုပ်ချင်လွန်းတဲ့ နေကြာစေ့ကို မျက်ကြောလေးစင်းကြည့်ပြီးတာနဲ့ ပါးစပ်ထဲ စွပ်ခနဲပစ်သွင်းလိုက်ပြီး ဖိကြိတ်ဝါးပစ်လိုက်ပါတော့တယ်။

 Together For A Day(Completed)Where stories live. Discover now