ကြိုးတံတားကို အောင်အောင်မြင်မြင်ဖြတ်ကျော်ပြီးမှသာ ရှောင်းကျန့် ခမျာအသက်ဝဝရှူရပါတော့တယ်။ယိုင်ခွေချင်နေတဲ့ ဒူးနှစ်ဖက်ကို လက်သေးသေးလေးတွေနဲ့ ဖျစ်ညှစ်ပြီးတဲ့အခါ နဖူးစပ်က ချွေးသီးလေးတွေကို အင်္ကျီလက်ဖျားနဲ့ ပွတ်ဆွဲလိုက်ပါတယ်။ မျက်တောင်ရှည်တွေ တဖျတ်ဖျတ်ခတ်ပစ်လိုက်ပြီး မျက်ရည်ကြည်တွေကိုပါ သိမ်းဆည်းပစ်ရတယ်။ ဒါနဲ့ သစ်တောအရာရှိဝမ် တစ်ယောက် ရှောင်းကျန့်ကို အတော်အထင်သေးသွားလောက်ပြီရယ်။
အတွေးနဲ့အတူ ရှက်ရိပ်က ဝဲလာရတာမို့ မျက်လုံးလေးထောင့်ကပ်ပြီး ခိုးကြည့်တဲ့အခါ သစ်တောအရာရှိဝမ်က နေကာမျက္မှန်ကို ဂျာကင်အင်္ကျီအဖျားနဲ့ ပွတ်သုတ်နေပါတယ်။ ရှောင်းကျန့် ခိုးငေးနေတုန်းမှာ သစ်တောအရာရှိဝမ်က လှည့်ကြည့်လာတာမို့ အမြန်မျက်နှာလွှဲပစ်လိုက်ရတယ်။ ပြီးတာနဲ့ မြေပြင်ပေါ်ချထားတဲ့ ခရီးဆောင်သေတ္တာကို ဆွဲမဖို့ပြင်လိုက်တဲ့အခါ....
"ပြန်ချထား...ကိုယ်သယ်မယ်..."
"ရောက်တော့မှာဆို..ငါတစ်လှည့် သယ်ပေးမယ်လေ..."
"ကိုယ် သယ်နိုင်ပါတယ်ကွာ"
"သိတယ်...ဒါပေမဲ့ ငါလည်းသယ်ချင်လို့..."
"ဟူး...သယ်ချင်သပဆိုလည်း ဒါသယ်ခဲ့..."
ရှောင်းကျန့် အေပြာကြောင့် သစ်တောအရာရှိဝမ်က စိတ်ရှုပ်ဟန်နဲ့ ပါးနှစ်ဖက်ဖောင်းတက်သွားတဲ့အထိ လေပူမှုတ်ထုတ်လိုက်တယ်။ နောက်တော့ တိုလီမုတ်စ ထည့်ထားတဲ့ အိတ်ကို ပစ်ပေးလာတာမို့ ရှောင်းကျန့် ကမန်းကတန်းဖမ်းလိုက်ရပါတယ်။အိတ်ထဲမှာတော့ ဆေးဗူးတွေနဲ့ နို့မှုန့်ဗူး၊ လက်ဖက်ခြောက်ဗူးတို့ ပါတာမို့ ရှောင်းကျန့် အိတ်ကလေးကို ပွေ့ပိုက်ထားတုန်းမှာပဲ သစ်တောအရာရှိဝမ်က အိတ်ပေါင်းစုံကို ဆွဲလွဲလို့ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားပါတော့တယ်။
ရှောင်းကျန့် လည်း ဟွန့်ခနဲနေအောင် နှာမှုတ်လိုက်ပြီး ကျောပြင်ကျယ်ကြီးနောက် မီအောင်အပြေးလိုက်ရတော့တာပါပဲ။ ပွေ့ပိုက်ထားတဲ့အိတ်ထဲက ဗူးတွေ ပုလင်းတွေကတော့ ဂလုံဂလွမ်သံစုံမြည်လို့ရယ်။
YOU ARE READING
Together For A Day(Completed)
Fiksi Penggemar"ဘာ...ဘာလို့ လူကို ဂျစ်တူး လဲ" "အာ...ဂျစ်တူးမို့လို့ ဂျစ်တူးလို့ခေါ်တာပေါ့...ဂျစ်တူးရ..."