(21)Unicode

3.9K 392 37
                                    


ရိပေါ် ခြေလှမ်းတွေက လေးတွဲ့တွဲ့ ။ လက်တစ်ဖက်က ခရီးဆောင်သေတ္တာကို ဆွဲထားပြီး ကျန်တဲ့လက်တစ်ဖက်ကိုတော့ ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်ထားပါတယ်။ ဂျစ်တူးကတော့ ခပ်လှမ်းလှမ်းကနေ ခြေသံမကြားရလောက်တဲ့အထိ တိတ်တိတ်ကလေးလိုက်လာလေရဲ့။

မနက်အစောပိုင်းမို့ ပတ်ဝန်းကျင်က မှုန်မှုန်မှိုင်းမှိုင်း။ သစ်ရွက်ဖျားတွေမှာ တွဲလွဲခိုနေတဲ့ နှင်းစက်တွေက ရိပေါ် ပခုံးပေါ် အပြိုင်အဆိုင် ခုန်ဆင်းလာကြတယ်။ ရှေ့မှာ လှမ်းမြင်နေရတဲ့ ကြိုးတံတားကတော့ မြူငွေ့ဖွေးဖွေးတွေကြား ဝေဝါးဝါးနဲ့ရယ်။ ဂျစ်တူးဘက် ခေါင်းငဲ့ကြည့်လိုက်တော့ မာဖလာရဲရဲလေးကို ခေါင်းပေါ်ကနေလုံအောင် ခြုံလွှမ်းထားလေရဲ့။

ရိပေါ် စိတ်က နွမ်းလျနေတဲ့အခါ မျက်နှာထားဟာလည်း သုန်မှုန်နေမှာအသေအချာပါပဲ။ ချန်ရှားကနေ ပြန်လာပြီးကတည်းက ရိပေါ် မှာ အားအင်ချည့်နဲ့သွားတော့တာရယ်။ ဂျစ်တူးနဲ့ ဝေးဖို့အ
ရေး တွေးရုံနဲ့တင် ရင်တစ်ခုလုံး ပူပြင်းလောင်မြိုက်လာရတဲ့အထိပါပဲ။ မျက်စိအောက်က အပျောက်မခံရက်တဲ့ အသည်းအသက်ကလေးကို တစ်ယောက်တည်းလွှတ်လိုက်ဖို့ဆိုတာကြီးက တကယ်ကိုမတွေးရဲစရာပါပဲ။

တစ်ချိန်ချိန်မှာ ဂျစ်တူး သူ့ကိုထားရစ်ခဲ့ရင် ဆိုတဲ့အတွေးကိုတွေးမိတိုင်း ပူလောင်ပြင်းရှတဲ့ အယ်လ်ကိုဟော ကိုမော့တယ်။ မခွဲခင်ကတည်းက လွမ်းနာကျနေရတဲ့ ရိပေါ်က ဂျစ်တူး ပျော်မဲ့လမ်းကို ရင်နဲ့ရင်းပြီး ခင်းပေးဖို့ကြိုးစားနေရပါတယ်။ သူ့မေတ္တာကြောင့် ဂျစ်တူးတစ်ယောက် အောင်မြင်တဲ့ အနုပညာရှင်ကလေးဖြစ်လာမှာတော့ သေချာပါရဲ့။ သူကသာ သူ့မူပိုင်အနုပညာလေးကို သိမ်းဝှက်ထားဖို့ မတတ်နိုင်ခဲ့တာ။

ညက အတော်လေးမူးသွားတာမို့ ဒီမနက်ကျ ရိပေါ် ခေါင်းက သိပ်မကြည်။ ဂျစ်တူးက ခရီးသွားရမှာကို မေ့လျော့ပြီး အိပ်ရာထဲကွေးကောင်းတုန်းမို့ မနည်းနှိုးလာခဲ့ရတဲ့အဖြစ်။ အိပ်ရေးမဝတာ​ကြောင့်လား ဒါမှမဟုတ် လီဟွေ့တို့အဖွဲ့ကို နှုတ်မဆက်လာခဲ့ရတာကြောင့်များလားတော့မသိ။ ဂျစ်တူး မျက်နှာလေးဟာလည်း ရိပေါ်နဲ့အပြိုင် သုန်လို့ မှုန်လို့ရယ်။

 Together For A Day(Completed)Where stories live. Discover now