"ဝါး...လှလိုက်တာ..."
ဂျစ်တူးက မျက်လုံးလေးတွေ လဲ့လက်တောက်ပတဲ့အထိ ငေးမောရင်း တအံ့တဩရေရွတ်လာတာပဲဖြစ်တယ်။တဟုန်ထိုးစီးဆင်းနေတဲ့ ရေတံခွန်ကတော့ ဝုန်းဝုန်းဝေါဝေါမြည်သံပေးလို့ရယ်။
"သဘောကျလား..."
"အင်း..."
ရိပေါ်မေးလိုက်တဲ့အခါ ဂျစ်တူးက ပါးချိုင့်ကလေးခွက်ခနဲ ထင်းသွားတဲ့အထိ ပြုံးပြုံးကလေးဖြေလာရှာတယ်။ ခေါင်းလုံးလုံးလေးကိုလည်း ဆတ်ခနဲညိတ်ပြဖို့ မေ့မနေခဲ့ဘူး။
ဇူလိုင်လတောင် ကုန်ခါနီးပြီမို့ ဒီကိုရောက်တာမနည်းကြာပြီဖြစ်တဲ့ ဂျစ်တူးတစ်ယောက် ပျင်းနေလောက်ပြီလို့ ရိပေါ် ယူဆတယ်။ ဒါကြောင့်မို့ ဂျစ်တူး စိတ်ပြေလက်ပျောက်ဖြစ်အောင် ရေတံခွန်ဆီခေါ်လာခဲ့တာပါပဲ။ တောင်ကျချောင်းကမ်းဘေးကနေ အထက်ကို ဆန်တက်လျှောက်ခဲ့ရတာမို့ ဂျစ်တူးမျက်နှာနုနုလေးက ချွေးစို့ပြီးရဲစက်နေပြီပဲဖြစ်တယ်။မေးရိုးသွယ်လေးအဆုံးမှာဆို ချွေးသီးလေးတောင် ခိုလို့တွဲလို့ရယ်။
ရိပေါ် ဂျာကင်အင်္ကျီထဲက လက်ကိုင်ပဝါ အညိုကွက်တစ်ထည်ကို ဆွဲထုတ်လိုက်ပြီး ဂျစ်တူး မေးရိုးသွယ်ဆီ လက်လှမ်းလိုက်တဲ့အခါ ယောင်နနကလေး ငဲ့ကြည့်လာပါတယ်။ မေးဖျားနုနုပေါ် တို့သုတ်ပေးလိုက်တဲ့အခါမှာတော့ ယုန်သွားဖွေးဖွေးလေး ခုန်ထွက်လာတဲ့အထိ ပါးစပ်အဟောင်းသားလေး ဖြစ်သွားပါတော့တယ်။ သူ့ဂျစ်တူးဟာလေ အခုထိ သူ့အယုအယတွေကိုဆို အံ့ဩနေတတ်တုန်း။
ချွေးစလေးတွေ ပျောက်ကွယ်သွားတဲ့အထိ ဖွဖွရွရွ တို့သုတ်ပြီးတာနဲ့ ရိပေါ် ခပ်လွင့်
လွင့်ပြုံးပြလိုက်တယ်။ ဂျစ်တူးကတော့ မျက်တောင်ရှည်တွေ ဆက်တိုက်ပုတ်ခတ်နေပြီး စပို့ရှပ်အင်္ကျီရဲ့အဖျားနားလေးကို လက်သေးသေးလေးတွေနဲ့ လိမ်ကျစ်ထွေးဆုပ်ထားပါတယ်။ မဟုတ်မှ သူ့ဂျစ်တူးတစ်ယောက် အရှက်သည်းနေပြန်ပြီပဲနေမှာ...။"ဖြည်းဖြည်းသွား..ချော်လဲမယ်..."
ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ ဂျစ်တူးတစ်ယောက် ရိပေါ် နားက ပြေးဖို့ပြင်တဲ့အခါ အလျင်စလို သတိပေးရပါသေးရဲ့။ရေတံခွန်ဘေးပတ်လည် ကျောက်သား
စိုင်တွေဟာ ရေညှိကြောင့်ချောမောပြောင်လက်နေတာမို့ ဂျစ်တူး ထိခိုက်နာကျင်မှာကို စိုးပါတယ်။ ဂျစ်တူးကတော့ ကျောက်တုံးကျောက်ခဲတွေကြား ခဲရာခဲဆစ် တိုးဝင်သွားနေတာမို့ ရိပေါ်လည်း ခပ်သွက်သွက်လိုက်ဖို့ ပြင်ရပါေတာ့တယ်။
YOU ARE READING
Together For A Day(Completed)
Fanfiction"ဘာ...ဘာလို့ လူကို ဂျစ်တူး လဲ" "အာ...ဂျစ်တူးမို့လို့ ဂျစ်တူးလို့ခေါ်တာပေါ့...ဂျစ်တူးရ..."