Part 7

4.4K 294 6
                                    

Unicode
(အလှူငွေက Open ထားတုန်းပါရှင်၊ လှူမယ်ဆိုရင် ဆက်သွယ်ပေးပါအုန်းနော်)


ရေးဇိန်မင်းထင်မှာ မြိုင်ဟေဝန်ဆီသွားမယ်ဆိုတာကိုလိုက်မယ်လုပ်နေသူကြောင့် မျက်မှောင်ကြုတ်ကြည့်နေမိသည်။

“မင်းက ဘာလိုက်လုပ်မှာလဲ”

“ငါ ပျင်းလို့ကွာ”

“ဟုတ်လို့လား မှန်း”

“ဘာဖြစ်လို့ မြိုင်ဟေဝန်နဲ့ငါတွေ့ဖူးနေတာကို”

“တွေ့ဖူးပေမယ့် တစ်ခါမှ လိုက်မယ်မပြောဖူးဘူးလေ”

“အခုလိုက်တာဘာဖြစ်နေလို့လဲ ရေးဇိန်ရာ”

“ဘာမှမဖြစ်ပါဘူး ထူးဆန်းနေလို့ လိုက်ချင်လဲလိုက်”

ရေးဇိန် ဘာမှထပ်မမေးပဲ မောင်းသွားလိုက်သည်။ မင်းခန့်ထည်ကတော့ ကားရပ်လိုက်တာနဲ့ဆင်းလိုက်။ ဘယ်အိမ်ဖြစ်မလဲ ကြည့်နေတုန်း

“လာလေ မင်းဘာလုပ်နေတာလဲ”

“ဟင် မရောက်သေးဘူးလား”

“ဘယ်ကိုရောက်ရမှာလဲ အထဲဝင်ရမှာ”

“ကားက ထားခဲ့မလို့မလား”

“အင်း”

မင်းခန့်ထည်မှာ ယောင်လည်လည်နဲ့ပါသွားတော့သည်။ ရပ်ကွက်ထဲဝင်တာနဲ့ ရပ်ကွက်လမ်းပေါ်မှာ ကလေးတွေက ပြေးလွှားဆော့နေသည်။ ဒါက ဘယ်လိုရပ်ကွက်လဲ။ သူဒီလိုရပ်ကွက်ထဲကို တစ်ခါမှမရောက်ဖူးဘူး။ အိမ်လေးတွေကလည်း ပုစုခရူလေးတွေနဲ့။ ရှေ့ကရေးဇိန်ကိုကြည့်လိုက်တော့အေးဆေးပင်။ ခြံကျယ်တစ်ခြံရှေ့ရောက်တော့ ခြံတံခါးကိုသူ့ပါသူဖွင့်ကာ ရေးဇိန်ကဝင်သွားတော့သည်။ မင်းခန့်ထည် ရေးဇိန်နောက်ကိုပဲ လိုက်ဝင်လိုက်၏။

“ဟင်! ကိုကို လာမယ်လို့ကြိုလဲမပြောထားဘူး”

မြိုင်ဟေဝန်မှာ နောက်က သင်္ဘောပင်တွေရေလောင်းပြီး ဘောင်းဘီကို ဒူးအပေါ်အထိ ခေါက်တင်ထားတဲ့အတိုင်းလေဖြစ်ကာ ခြေထောက်တွေမှာ ရွှံ့တွေပေနေသည်။

“အင်း လာမယ်လို့ပြောထားတာပဲ ဘယ်အချိန်ပဲလာလာပေါ့”

“မဟုတ်ပါဘူး လာမယ်ဆိုတာကြိုသိရင် ကျွန်တော်က ဟင်းတွေဘာတွေချက်လာပါတယ်၊ ကိုမင်းခန့်ထည်လဲ ပါလာတာကို”

“အင်း သူက လိုက်မယ်ဆိုလို့ အဖွားရော”

“အပေါ်မှာ သွားတက်နှင့်”

မင်းခန့်ထည်ကတော့ အူကြောင်ကြောင်ဖြစ်နေတော့သည်။ ဆေးကျောင်းသားလေး မြိုင်ဟေဝန်က ဒီလိုနေရာမှာဒီလိုပုံစံဆိုတာ သူဘယ်ထင်မိမလဲ။ ရေးဇိန်ကတော့ သူ့အိမ်သူယာလိုပင် အိမ်ပေါ်တက်သွားပြီး လက်ထဲပါလာတဲ့အိတ်ကိုချလိုက်သည်။

“ဖွားဖွား”

“မြေး မလာတာကြာပြီ”

“ဟုတ်တယ်ဖွားဖွား ဖွားဖွားနေကောင်းလား”

“အသက်ကြီးပြီလေကွယ်၊ မင်း ညီ ဘယ်ရောက်သွားလဲ”

“အခုဏ အောက်မှာတွေ့တယ်”

“အေးအေး ဧည့်သည့်လဲပါလာတာကို အေးဆေးထိုင်အုန်းနော်”

“ရတယ်ဖွားဖွား”

မင်းခန့်ထည်မှာ ပျဉ်ခင်းထားတဲ့ အိမ်ပေါ်မှာထိုင်ချဖို့ဝန်လေးနေသည်။ ဖုန်တွေဘာတွေမရှိပဲ ရှင်းလင်းနေပေမယ့် တစ်ခါမှမရောက်ဖူးတာကြောင့်လဲပါသည်။

“ကိုကို လက်ဖက်သုတ်စားအုန်း ကိုမင်းခန့်ထည် ထိုင်နော် အားမနာနဲ့၊ နေ့လည်စာ စားမှာလား”

မြိုင်ဟေဝန် လက်ဖက်သုတ်လမ်းထိပ်ဆိုင်မှာမြန်မြန်သွားဝယ်ပြီးပြန်လာခဲ့တာ။ အိမ်ပေါ်ရောက်တော့ ကိုကိုက ထိုင်နေပေမယ့် အစ်ကိုမင်းခန့်ထည်က မထိုင်ပဲ လှည့်ပတ်ကြည့်နေသည်။ သူ ဘေးနားမှာထပ်ထားတဲ့ တစ်ယောက်စာဖျာလေးတွေကို သွားယူပြီးချပေးရသည်။

“စားမှာပေါ့၊ ချက်ပြီးသားလား”

“မဟုတ်ဘူး ကျွန်တော်အခုမှ သွားဝယ်မှာ”

“အဲ့ဒါဆို ပုဇွန်ဝယ်ခဲ့ မင်းခန့်ထည်က ပုဇွန်ကြိုက်တယ်”

မြိုင်ဟေဝန် ဈေးကိုမြန်မြန်ပြေးလိုက်ရသည်။ ကိုကိုပြောလိုက်တဲ့ ပုဇွန်လည်းဝယ်ရသလို ကိုကိုလာရင် ချက်ခိုင်းနေကျ ငှက်ပျောဖူးနဲ့ကင်ပွန်းချဉ်ကြော်ဖို့လည်းဝယ်ရသည်။ ကိုကိုက သူ့အိမ်မှာ ပထမဆုံးထမင်းစ စားဖူးတာ ဒီဟင်းမလား။ ငှက်ပျောဖူးကို ကင်ပွန်းချဉ်နဲ့ရေခမ်းအောင်ချက်ထားတာ။ ပုစွန်ခြောက်နဲ့မျှင်ငပိပဲထည့်ချက်ထားတဲ့ ကင်ပွန်ချဉ်နဲ့ငှက်ပျောဖူးချက်ကိုတော့ ကိုကိုက အဲ့ထဲက ကြိုက်သွားပြီးအိမ်ကိုလာတိုင်းချက်ခိုင်းတာဖြစ်သည်။ မြန်မြန်ဝယ်ပြီး မြန်မြန်ချက်မှ။ ကိုကိုတစ်ယောက်ထဲမဟုတ်ပဲ အစ်ကိုမင်းခန့်ထည်ပါ ပါလာတာကြောင့်ဖြစ်၏။

“ထူးဆန်းတယ်နော်၊ ငါတောင် ထိုင်ရမလိုထရမလိုဖြစ်နေတာ မင်းက ဒီအိမ်ကိုသဘောကျသွားတယ်ဆိုတော့လေ”

“အဟင်း ရေစက်ပေါ့ကွာ”

“အင်း သန့်တာတော့ သန့်ပါတယ်၊ နည်းနည်း…”

ရေးဇိန် သူငယ်ချင်းဖြစ်သူကိုကြည့်ကာပြုံးလိုက်သည်။ ဒီလိုနေရာကို မနေတတ်ပဲဖြစ်နေတာ။

“မင်းပျော်သွားမှာပါ၊ အတုအယောင်မရှိပဲ ဖော်ရွေတာကို မြင်ရမှာပါ”

“မြိုင်ဟေဝန်ပြန်ရောက်နေပြီထင်တယ်”

“အင်း ချက်ပြုတ်နေမှာပေါ့”

ဟင်းနံ့ရလာတာကြောင့် ရေးဇိန်ဖြေလိုက်သည်။ သူ ဒီမှာအရင်ဆုံးစားဖူးတဲ့ ဟင်းနံ့မလား။ ဘာဟင်းမှန်းမသိပဲနဲ့ သူကြိုက်ခဲ့တာ။ ပြီးမှ ငှက်ပျောသီးရဲ့အဖူးကို ချက်ထားတာလို့ပြောပြတာ။

“ပျင်းနေပြီလား ကျွန်တော် ဟင်းချက်နေတာ ခဏနေရင်ကျပြီ”

“အင်း လက်ကိုမထိခိုက်စေနဲ့”

ရေးဇိန် သတိပေးလိုက်သည်။ မင်းခန့်ထည်ကတော့ အပြင်ခဏထွက်လာပြီးအထဲပြန်ဝင်သွားတဲ့ ကောင်လေးကို လိုက်ကြည့်မိသွားသည်။ ဘယ်ဆေးကျောင်းသားက အိမ်မှာဒီလိုလုပ်နေရတယ်လို့ ဘယ်သူကထင်မှာလဲ။ တကယ်ပဲ ထမင်းစားချိန်ကျတော့လည်း အဖွားဆိုသူနဲ့ မြိုင်ဟေဝန်က သပ်သပ်ရပ်ရပ်နဲ့ထမင်းစားသည်။ ပုဇွန်ကို ကိုရီးယားငရုတ်ပွရှည်နဲ့ကြော်ပေးထားတာက စားလို့ကောင်းသည်။ ဘာမှ အများအပြားမရှိပဲ ပုဇွန်ဟင်းတစ်ခွက်၊ ရေးဇိန်ကြိုက်တဲ့ငှက်ပျော်ဖူးဆိုလားဟင်းတစ်ခွက်ရယ်၊ မြင်းခွာရွက်ဟင်းချိုနဲ့ သူ မစားတဲ့ ငပိချက်ဆိုတာနဲ့တို့စရာအစုံနဲ့ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မြိုင်ဟေဝန်ချက်တဲ့ပုဇွန်ဟင်းက စားလို့ကောင်းသည်။

“ကျွန်တော်စာလိုက်နိုင်တယ်”

“လိုက်နိုင်လဲ ကျူရှင်ယူရမယ်၊ ကျူရှင်ဆရာကိုမင်းရှာမလား ငါရှာရမလား”

“ကိုကိုကလည်း ကျွန်တော်အမှန်အတိုင်းပြောနေတာ”

“ငါရှာပြီး ချိန်းပေးမယ်”

မင်းခန့်ထည်မှာ အဖေကြီးလုပ်နေတဲ့ သူငယ်ချင်းကိုကြည့်လိုက်သည်။ တကယ်ကိုအဖေကြီးကျနေတာ။ သားကိုစားလိုက်နိုင်ဖို့ ကျူရှင်ဆရာရှာနေတဲ့ အဖေကြီးကျလို့။

“မင်းကလည်း သူလိုက်နိုင်ပါတယ်ဆို”

“မင်းမသိပါဘူးကွာ၊ နှစ်ကြီးလေ လိုလေကွ ငါအားလုံးစုံစမ်းပြီးပြီ”

မင်းခန့်ထည်မှာ မြိုင်ဟေဝန်တို့ခြံထဲနေရာအနှံရောက်သွားဖြစ်သည်။ နောက်ဘက်မှာ သင်္ဘောပင်တွေကို စီတန်းပြီးစိုက်ထားတာဖြစ်ပြီး အမှိုက်ရှိမနေပေ။ ခြံကကျယ်ပြီး အိမ်လေးက ဟောင်းနေပေမယ့် သန့်သန့်ပြန့်ပြန့်ရှိလှသည်။

“မင်း ကိုကို လင်ယူတော့မှာ သိပ်မကြာခင်”

“ဟမ် တကယ်”

“မဟုတ်ဘူး အဲ့ကောင်ပြောစကားကိုမယုံနဲ့”

“ဟုတ်မှာပါ ကိုကိုအကြောင်းတစ်ခုခုရှိလို့ရောက်လာတာပါ”

“မင်းကျူရှင်ကိစ္စပါဆို”

“အဲ့တစ်ခုထဲမဟုတ်ပါဘူး ကိုမင်းခန့်ထည်ပြောတာ အမှန်ပဲနေမှာ၊ နေပါအုန်း ဘယ်ကလဲ ဘယ်သူလဲ၊ ကောင်းကောင်းမွန်မွန်ရော ဟုတ်ရဲ့လား”

“စကားများတာကွာ၊ ပြန်တော့မယ် ဖွားဖွားအတွက် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေး ၂ လစာ ဝယ်ခဲ့တယ်”

“ကိုကိုကလည်း အဲ့ဒါတွေလိုက်မဝယ်ပေးပါနဲ့ဆို”

“ဘာဖြစ်လဲကွာ ဝယ်လာတော့”

“ကဲတော်ပြီ မင်းတို့စကားများဖို့လာတာလား”

“မြိုင်ဟေဝန် မင်းရဲ့ကိုကို ကို ခံပြောနေတာတွေများနေပြီ”

မင်းခန့်ထည်မှာ နှစ်ယောက်စကားများမှာကိုခွဲထုတ်ပေးခဲ့ရသေးသည်။ ညနေစောင်းမှ မြိုင်ဟေဝန်ဆီက ပြန်ခဲ့တာဖြစ်၏။

/////////////////////////////////

ဒါရိုက်တာအဖွဲ့တွေ အားလုံးတစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့ဂရုကနေ စာတွေပို့နေကြသည်။ ဒီနေ့အတွက် ထူးဆန်နေတာမလား။ ဦးမြန်ဟိန်းက ကုမ္ပဏီရောက်လာပြီး တစ်ဖက်က ဦးမင်းထင်ရဲ့လူယုံနဲ့တွေ့ဆုံနေတာကြောင့်ဖြစ်သည်။ ဦးမြန်ဟိန်းရောက်လာပြီး သိပ်မကြာဘူး ဦးမင်းထင်လူယုံဖြစ်တဲ့ ဦးထွန်းနိုင်ရောက်လာခဲ့တာဖြစ်သည်။ ဦးထွန်းနိုင်ရောက်လာချိန်မှာ သူတို့ထဲက ဒါရိုက်တာတစ်ယောက်က ဦးမြန်ဟိန်းကို နှုတ်ဆက်မလို့ဆိုပြီးဝင်သွားခဲ့တာ။ ဦးထွန်းနိုင်နဲ့တွေ့ဆုံမယ့်ကိစ္စမှာ သူပါရောယောင်သွေးသောက် ဝင်ပါမလို့လုပ်ပေမယ့် တစ်ဖက်က ဦးထွန်းနိုင်က မဆိုင်တဲ့သူအပြင်ထွက်ပေးပါဆိုခဲ့လို့ ထွက်ခဲ့ရတာ။ ဘာ ပရောဂျက်ရှိနေလဲ ဘာမှမသိရပေ။ တစ်ဖက်က ဦးမင်းထင်လူမို့လို့ သတင်းကမပေါက်ကြားတာလဲပါသည်။ ဦးမင်ထင်ရဲ့ကုမ္ပဏီဂရုနဲ့လက်တွဲလုပ်ဖို့ ဘာလုပ်ငန်းရှိနေတာလဲ။ အစပ်အဆက်မရှိဘူးမလား။ ပူးပေါင်းလုပ်ကိုင်ရမယ့် ပရောဂျက်ရှိရင်လည်း သားဖြစ်သူနဲ့တွေ့ဆုံရင်တွေ့ဆုံ၊ မဟုတ်ရင်လည်း ဒီမှာရုံးထိုင်နေတဲ့ သူတို့နဲ့တွေ့လည်းဖြစ်တာကို အခုက ဦးမြန်ဟိန်းနဲ့တစ်သီးတစ်သန့်ထဲ တွေ့ဆုံနေတာကြောင့်ဖြစ်သည်။ သူတို့အားလုံး ဦးမြန်ဟိန်းကို ဖယ်ထုတ်ဖို့ကြိုးစားနေပေမယ့် အခုကိစ္စသာ ပရောဂျက်အကြီးကြီးဆိုရင် ဖယ်ထုတ်ဖို့ကိစ္စကိုပြန်စဉ်းစားရတော့မှာမလား။ အဲ့ဒါကြောင့်လဲ သူတို့အားလုံးရဲ့ စကားပြောတဲ့ ဂရုမှာစာတွေတစ်ခုပြီးတစ်ခု ပို့နေကြတာဖြစ်ပြီး တိုင်ပင်နေတာဖြစ်သည်။

သူတို့နည်းတူ မြန်မာ့ဂုဏ်ရည်လည်း ဒီကိစ္စကိုစိတ်ဝင်စားနေသည်။ ဘာဖြစ်လို့ဖေဖေလဲ။ ဖေဖေနဲ့တွေ့ရင်သူလည်း ပါသင့်တယ်မဟုတ်လား။ သူ့ကိုထိန်ချန်ပြီးဖေဖေနဲ့ပဲ ဘာဖြစ်လို့တွေ့ဆုံနေရတာလဲ။ ဦးမင်းထင် ဆိုတာ သူ့အဖိုးအရွယ်ရှိတဲ့ လုပ်ငန်းရှင်မလား။ ကုမ္ပဏီပေါင်းများစွာမှာ အများဆုံးရှယ်ယာအနေနဲ့ရှိပြီး Group of companies ကိုကောင်းကောင်းမွန်မွန်ဖွဲ့စည်းထားပြီး နာမည်ကြီးတဲ့လူတစ်ယောက်။ Myanmar Honor Group ဖြစ်တည်အောင်ကြိုးစားခဲ့တဲ့ ဖေဖေ့သက်တမ်းတစ်လျှောက်မှာ ဦးမင်းထင်နဲ့ဘာမှပတ်သက်မှုမရှိ။ အခုက ဘာကိစ္စကြောင့် တွေ့ဆုံရတာလဲ။ သူ့ကိုတောင် ဝင်မပါခိုင်းရအောင် ဘာကိစ္စမို့လို့လဲ။

“ကောင်းတာတွေဖြစ်မှာပဲ ကိုဂုဏ်”

ဘေးနားက ဘုံတေဇ ဝင်ပြောလိုက်ရတော့သည်။ ကိုကိုက စိတ်ပူနေသလို ဒီတွေ့ဆုံမှုမှာသူမပါဝင်ရလို့ စိတ်ကသိကအောက်ဖြစ်နေတာ။ ကိုကို့အတွင်းရေးမှူးလုပ်ပြီးတဲ့နောက်ပိုင်းမှာ သူအလုပ်လုပ်တဲ့နေရာက ကိုကို့အခန်းထဲမှာဖြစ်သွားသည်။ ကိုကို့အခန်းထဲမှာ ဖြစ်နေတာ တစ်နေ့လုံးကြာလို့ သူတို့မှာ အလုပ်ကိစ္စနဲ့လုံးလည်လိုက်နေပြီး ချစ်ကြောင်းကြိုက်ကြောင်းနဲ့ပတ်သက်တဲ့စကားတွေ ဘာတစ်ခုမှ မပြောဖြစ်ပေ။

“အင်း ကိုယ် ဘာကိစ္စလဲ သိချင်နေပြီ”

သီးသန့်တွေ့ဆုံတဲ့အခန်းထဲမှာတွေ့ဆုံနေတာကြောင့် အထဲမှာဘာပြောလဲ တစ်စွန်းတစ်စတောင်မကြားရပေ။

“ဒါနဲ့ ဘုံစုံစမ်းတာ ဦးမင်းထင်က ဘယ်ဂရုမှာထိုင်တာလဲ”

“ဦးမင်းထင်က King Group မှာပဲထိုင်တာ၊ ကျန်တာမှာမထိုင်ဘူး၊ ကျန်တဲ့ ဂရုတွေမှာ အခု ကိုဂုဏ့်ဖေဖေနဲ့တွေ့နေတဲ့ ဦးထွန်းနိုင်ပဲ တစ်ပတ်ကိုတစ်ခါ သွားထိုင်တာ”

“အော် PA သပ်သပ်ရှိသေးလား”

“ရှိတယ် ကိုဂုဏ်”

အစည်းအဝေးခန်းထဲက သီးသန့်တွေ့စုံနေတဲ့ ဦးမြန်ဟိန်းကတော့ တော်တော်ကြာအောင် ဆွေးနွေးနေရသည်။ သူဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေအားလုံးကို အသေးစိတ်ပြောပြနေရသည်။

“ကိုထွန်းနိုင် ဆက်သွယ်လာတော့ ကျွန်တော်အံ့ဩနေတာ”

“ဟုတ်တယ် အန်ကယ်က Myanmar Honor Group မှာ ဘာဖြစ်နေတာလဲ သိသွားတော့ ကျွန်တော့်ကို ပြောလို့ဗျာ”

“ကျေးဇူးတင်ပါတယ် ကိုထွန်းနိုင်၊ ဒါနဲ့ ကျွန်တော့်ဘက်က ဘာများ ပြန်လုပ်ပေးရမလဲ၊ ဥပမာ King Group ရဲ့ အကျိုးအမြတ်အတွက်ပေါ့”

“အဲ့ဒါက အခုလောလောဆယ်တော့ မရှိပါဘူး၊ နောက်မှ ပေါ့”

“တကယ် ကျေးဇူးတင်ပါတယ်လို့ အန်ကယ့်ကိုပြောပေးပါ၊ ဒီကိစ္စက တရားစွဲမယ့်ကာလကျော်ရင် ကျွန်တော့် ဘက်က တရားစွဲလို့လဲ မရ၊ အိမ်နဲ့ခြံလဲ ဆုံးရှုံးမှာလေ”

“ဟုတ်ကဲ့”

“အခုလို့ အန်ကယ်က ကူညီလာတော့ ဘယ်လိုပြောရမှန်းမသိဘူး”

“အစ်ကို့ဘက်က သားကိုတရားစွဲဖို့ ကြိုတင်ပြင်ဆင်ခိုင်းလိုက်ပေါ့၊ အားလုံးကို တရားဝင်ချပြတာပဲ ကောင်းတယ်၊ ကိုယ့်ဘက်မှာလဲ သက်သေ အားလုံးရှိနေတယ်လေ၊ တရားဝင်ချပြပြီး ဒါကို ပြန်မချေရင် တရားစွဲမယ်ဆိုတာ ထုတ်ပြန်လိုက်ပါ၊ အဲ့ဒါမှ သူတို့က မပေးဘူးဆိုရင် ကျွန်တော်တို့စကြတာပေါ့”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ”

“ရပါတယ် King Group နဲ့ဖက်စပ်လုပ်မယ့် လုပ်ငန်းကိုလဲ ချပြလို့ရပါတယ်”

“ဟုတ်ကဲ့”

အစည်းအဝေး ခန်းထဲက သူတို့နှစ်ယောက်ထွက်လာတာနဲ့ ကိုမြန်ဟိန်းသားက ချက်ချင်းမတ်တပ်ထရပ်သည်။ အန်ကယ့်မြေး သဘောကျတာလဲမပြောနဲ့လူရည်သန့်ကို။ ရေးဇိန်မင်းထင်နဲ့ဆန့်ကျင်ဘက်ပြောလို့ရတဲ့ လူရည်သန့်လို့ပဲပြောရမလား။ ကိုယ်ထည်မြင့်မြင့် မျက်ခုံးကောင်းကောင်း  နှာတံပေါ်ပေါ်။ ရေးဇိန်မင်းထင်ထက်အရပ်များရှည်ချင်သလားပဲ။ ဘေးနားက ကောင်လေးအတွက်တော့ စိတ်မကောင်းဘူးပေါ့။ သူနဲ့ကံဇာတာပါမလာဘူးပဲ ပြောရမှာပင်။

“အဲ့ဒါဆို ကျန်တဲ့ကိစ္စကျွန်တော်ဝင်မပါတော့ဘူးနော် ကိုမြန်ဟိန်း”

“ဟုတ်ကဲ့ ကိုထွန်းနိုင် ကျွန်တော့်ဘက်က ထူးခြားတာနဲ့ ဆက်သွယ်လိုက်ပါမယ်”

“ဟုတ်ကဲ့ ပြန်ခွင့်ပြုပါအုန်း”

ဦးမင်းထင် လူယုံပြန်ထွက်သွားမှ မြန်မာ့ဂုဏ်ရည် ဖေဖေ့ကိုအစည်းအဝေးခန်းထဲဆွဲခေါ်သွားလိုက်သည်။ သူအများကြီးမေးဖို့ လိုနေတယ်မလား။

“ဘာတွေဖြစ်သွားတာလဲ ဖေဖေ၊ ကျွန်တော့်ကိုနည်းနည်းလောက်ရှင်းပြပါအုန်း”

“အင်း အန်ကယ်ဦးမင်းထင်က ဖေဖေတို့ကိစ္စကိုဘယ်လိုကြားသွားလည်းမသိဘူး ပရောဂျက်တစ်ခု လာကမ်းလှမ်းရင်း အကူအညီလိုရင်ပြောဖို့ ဆွေးနွေးနေတာ”

“Myanmar Honor Group ထဲမှာဖြစ်ပျက်နေတာကို King Group ဘက်က ဘယ်လိုသိသွားတာလဲ ဖေဖေ”

“ဖေဖေလည်းမသိဘူး၊ နံရံမှာနားတွေရှိတော့ကြားချင်လည်းကြားမှာပေါ့၊ ဘူးတစ်လုံးကိုသာ စို့လို့ရမယ် ပါးစပ်ပေါက်တွေကိုတော့ စို့လို့မရဘူးလေ”

“သူတို့ဘက်က အသားလွတ်ကြီးတော့ ကူညီမှာမဟုတ်ဘူးနော်ဖေဖေ”

“အင်းပေါ့ အခုလက်ရှိ ပရောဂျက်တစ်ခုကို ပူးပေါင်းဖို့အစီအစဉ်ရှိတယ်၊ အိမ်ပေါင်ထားတဲ့ကိစ္စကို သူတို့ဘက်က ဘဏ်နဲ့အရင်ဖြေရှင်းပေးမယ်ပြောတယ်၊ နောက်မှ ပြန်ဆပ်ပေါ့၊ သားက အဖေတို့စိုက်ထားတဲ့ ငွေပမာဏတွေကို အတိအကျ စာရင်းလုပ်ထားတာပါ၊ ပရောဂျက်ပူးပေါင်းမယ့်အကြောင်းပြောရင်းနဲ့ ဒီငွေပမာဏတွေကို အားလုံးရှေ့မှာ ကြေငြာဖို့ရယ် တရားစွဲဖို့ရယ် ပြင်ပေးထား”

“စာရင်းတွေက ပြင်နေဆဲဖေဖေ၊ ဒီတစ်ပတ်အတွင်းတော့ပြီးမယ်၊ တရားစွဲဖို့က ဖေဖေသိတဲ့ရှေ့နေ ရှိလား”

“အင်း သူတို့လုပ်ငန်းအတွက် ခန့်ထားတဲ့ ရှေ့နေ့ကိုလွှတ်ပေးမယ်ပြောတယ်၊ အဲ့နေ့မှာပဲ ရှေ့နေနဲ့တကွ ကြေငြာဖို့ပေါ့၊ သူတို့ဘက်က အားလုံးညီတူညီမျှ ပြန်ပေးမယ်ဆိုရင်တော့ တရားစွဲစရာမလို့တော့ဘူးလေ အလုပ်ရှုပ်လည်းသက်သာတာပေါ့”

“ဟုတ်ကဲ့ဖေဖေ ကျွန်တော်ပြင်ထားပေးပါမယ်”

“ဒါနဲ့ သားအတွင်းရေးမှူးခန့်ထားတာလား”

“အဟမ်း အင်း ဟုတ်တယ် ကျွန်တော်တစ်ယောက်ထဲ မနိုင်ဘူးလေ ဖေဖေ”

“အင်း ရင်းနှီးပုံပဲ အရင်ထဲက သိတာလား”

“ဟုတ်တယ်ဖေ‌ဖေ ဟိုမှာကျောင်းတက်ထဲက သိတာ”

“အော်”

ဦးမြန်ဟိန်း ဒီနေ့မှရုံးကိုလာတာဖြစ်ပြီး အခန်းထဲမှာ စားပွဲတစ်ဆက် ရောက်နေပြီး ကောင်လေးတစ်ယောက်ကိုတွေ့လိုက်တာကြောင့် မေးလိုက်တာဖြစ်သည်။ သားက အတွင်းရေးမှူးခန့်လိုက်တာတောင် သူ့ကိုမပြောပေ။

ဖေဖေနဲ့စကားပြောပြီးတာနဲ့ ဘုံ့ကိုပြောပြပြီး သူပြင်ဆင်စရာရှိတာတွေကို ဘုံ့ကိုပြောပြရသည်။ အခု ဘုံက မြို့ထဲကိုပြောင်းလာပြီမလား။ သူပဲ ပွဲစားနဲ့တိုက်ခန်းရှာပေးထားပြီး သူပဲအိမ်ခန်းစာချုပ်ချုပ်ထားတာဖြစ်သည်။ ဘုံ့ကိုအကုန်ခံခိုင်းထားတာမဟုတ်။ ဒါပေမယ့် စိတ်ထဲအလိုမကျတာက King Group ကဘာကြောင့် အသားလွတ်ကြီးကူညီမှာလဲ။ ဘာပြန်လုပ်ပေးရမှာလဲဆိုတာလည်း မပြောသေးဘူး။ ဘုံ့ကိုပြန်ပို့ပေးပြီးတာနဲ့ သူအိမ်ကိုပြန်လိုက်သည်။ အရင်လို အိမ်ပြန်ဝင်တာ နောက်မကျတော့ပေ။

ရေချိုးပြီး အိပ်ရာပေါ်မှာ မှီကာ ဖေဖေပေးလာတဲ့ King Group အနေနဲ့ဝင်လာတဲ့ ပရောဂျက်ကိုတွေ့ပြီး King Group ဦးမင်းထင်လို့ ရှာကြည့်ဖြစ်သွားသည်။ ဦးမင်းထင်မှာ မြေးတစ်ယောက်ရှိကြောင်းပေါ်လာသည်။ သတင်းထဲမှာ သိပ်မတွေ့ရပေ။ ငယ်ငယ်ကပုံလေးတွေကိုတော့ တွေ့လိုက်ရသည်။

“ချစ်စရာလေး”

သူ့နှုတ်က ဦးမင်းထင်ရဲ့မြေးလေး ငယ်ငယ်ကပုံလေးကိုမြင်ပြီး ပြောထွက်သွားတာကိုတောင် မြန်မာ့ဂုဏ်ရည် မသိလိုက်ဖြစ်သွားသည်။ ကလေးက ဖြူဖြူလေးနဲ့ ဆံပင်ကောက်ကောက်လေးမလား။ ကြီးလာတဲ့ပုံတွေကိုတော့ ဘယ်မှာမှရှာမတွေ့။ နာမည်လည်းမသိရ။ ငယ်ငယ်က ပုံလေးနဲ့ ဦးမင်းထင်မြေးဆိုတာတွေပဲ ရှာတွေ့သည်။ ဦးမင်းထင်မြေးလို့ ရှာလည်း ပုံတစ်ပုံမှထွက်မလာပေ။

ဘုံနဲ့စကားပြောပြီး အိပ်ရာဝင်မယ်လုပ်ကာမှ ကလေးပုံက မျက်လုံးထဲဝင်လာကာ ပြုံးမိသွားသည်။ ဆံပင်ကောက်ကောက်လေးကို မျက်လုံးထဲက မထွက်တော့ ရုတ်တရက် ခေါင်းထဲပြန်ဝင်လာတဲ့ ရေးဇိန်မင်းထင်။

“ကျစ် စိတ်အနှောက်အယှက်ပေးတာပဲ ဘာဖြစ်လို့ ပေါ်လာလဲမသိဘူး”

မြန်မာ့ဂုဏ်ရည် ရေရွတ်လိုက်ရင်း အိပ်ပျော်အောင်ကြိုးစားလိုက်တော့သည်။


DUSK TILL DOWN [Complete] U & ZDonde viven las historias. Descúbrelo ahora