Part 11

4.5K 282 6
                                    

Unicode


ဘုံမှာ ရောက်ထဲက ငြိမ်နေတဲ့ကိုကို့ကို အကဲခတ်နေရသည်။ ဟိုရက်က အဖိုးဦးမင်းထင်နဲ့တွေ့မယ်ပြောတယ်မလား။ အဲ့နေ့ကစပြီးနောက်ရက် ရုံးတောင်မလာပဲ လူကတိတ်ဆိတ်နေသည်။ ပြီးတော့ သူ့အကြည့်တွေကိုလည်းရှောင်နေသည်။ ကိုကို့မှာဘာတွေဖြစ်နေလဲ၊ အဖိုးဦးမင်းထင်နဲ့ တွေ့ပြီးဘာကြားလာလို့လဲ။ မေးချင်ပေမယ့် ခဏစိတ်ထိန်းလိုက်သည်။ အလုပ်ချိန်လည်းဖြစ်၊ ကိုကို့ကိုကြည့်ရတာ ဘာဖြစ်နေမှန်းမသိတာကြောင့် ရုံးဆင်းလို့ ကိုကိုလိုက်ပို့မှပဲ မေးလိုက်ဖို့လုပ်လိုက်သည်။ အခု ကိုကိုတို့လုပ်ငန်းစုက အဆင်ပြေတာထက်ကို ပိုနေပြီဖြစ်သည်။ ဒါရိုက်တာတွေအားလုံးကလည်း ပိုက်ဆံတွေကိုပြန်ပေးတာ အားလုံးပြန်ရသွားပြီဖြစ်ပြီး ဝန်ထမ်းတွေအားလုံးလည်း ဒီကိစ္စကိုသိသွားကြတော့ ဒါရိုက်တာတွေက နှုတ်ထွက်ဖို့ ပြင်နေကြသည်။ King Group နဲ့လုပ်မယ့် ပရောဂျက်ကလည်း နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်ကာ မကြာခင်စတော့မှာဖြစ်သည်။ အားလုံးက ကောင်းတာတွေပဲဖြစ်လာတော့သည်။
မြန်မာ့ဂုဏ်ရည် ရေးဇိန်မင်းထင်ဘက်က အနေအထားကိုသိပြီး ဘာလုပ်ရမလဲမသိပေ။ ရေးဇိန်မင်းထင်ဘက်က ဘယ်လိုမှနောက်ဆုတ်ပေးမှာ မဟုတ်ဘူးဆိုတာလဲ သူသိလိုက်သည်။ အဲ့နေက ပြန်ရောက်ထဲက စိတ်တိုနေရတာ ဒီနေ့အထိပင်။ လူတကာနဲ့ဖြစ်ချင်တိုင်းဖြစ်နေပြီး သူ့ကိုနမ်းသွားသေးတာ။ သူတောင်ဘုံနဲ့အဲ့လို နှုတ်ခမ်းကိုစုပ်ယူတဲ့အထိ နမ်းခဲ့တာမဟုတ်။ ဒီကောင်က ပိုင်စိုးပိုင်းနင်းနဲ့ သူ့နှုတ်ခမ်းကို စုပ်ယူသွားတာ။ ပြီးတော့ ဒီကိစ္စကို သူဘုံ့ကိုဘယ်လိုပြောထွက်ရက်မလဲ။ ဟိုမှာလဲ သူနဲ့ပဲတွဲခဲ့တဲ့ဘုံက ဒီကိုပြန်ရောက်တော့လည်း သူနဲ့အတူ ကိစ္စတွေကိုဖြေရှင်းဖို့ အတွင်းရေးမှူးလုပ်ပြီး ကူညီခဲ့တာမလား။ ဒီလိုလူကိုသူက ဘယ်လိုပြောရက်ပါ့မလဲ။ အချစ်နဲ့ကျေးဇူးတရားရဲ့ နောက်မှာ သူ့ဆီကို ဒီတာဝန်ကြီးက မဖြစ်မနေလုပ်ရမယ်ဆိုတဲ့ စိတ်ကြီးကဝင်နေတော့သည်။ ပြီးတော့ ဖေဖေနဲ့မေမေကိုယ်တိုင်က တစ်ဖက်ကို အားသားနေတယ်မလား။ ဒီအရွယ်ကြီးမှ ဖေဖေနဲ့မေမေ့ကိုဆန့်ကျင့်ပြီး ကန့်လန့်တိုက်ဖို့ကလည်း တစ်ခါမှလုပ်ခဲ့ဖူးတာမရှိ။

“ကိုဂုဏ်”

နာမည်ခေါ်သံကြားတော့မှ မြန်မာ့ဂုဏ်ရည် ကြည့်မိလိုက်သည်။ ဘုံက သူ့ရှေ့မှာ မတ်တပ်ဖြစ်ပြီး သူ့ကိုကြည့်နေသည်။

“အင်း ဘုံ”

“ဘုံ ခေါ်နေတာ လေး၊ ငါးခါဖြစ်နေပြီ ကိုဂုဏ်ဘယ်တွေစိတ်ရောက်နေတာလဲ၊ ဒါမှမဟုတ် အခက်အခဲ တစ်ခုခုရှိနေတာလား”

ဘုံက မေးလာနေပြီ။

“မရှိပါဘူး”

“မရှိရင်လည်းမရှိသလိုနေလေ ကိုဂုဏ်၊ ကိုဂုဏ့်ကိုကြည့်ရတာ စိတ်နဲ့လူနဲ့မကပ်တာ နည်းနည်းပဲမဟုတ်ဘူး၊ နေ့လည်စာ သွားစားကြမယ်၊ ဘုံ ချက်လာတယ်”

“ကိုယ်..”

“ကို မနေနဲ့ ဘုံကိုယ်တိုင်ချက်လာတာနော်”

မြန်မာ့ဂုဏ်ရည် ထလိုက်ရသည်။ ချစ်ရသူက ကိုယ်တိုင်သူစားဖို့ချက်လာတယ်။ သူက ချစ်ရသူ့ကို တခြားသူနဲ့ လက်ထပ်ဖို့ကို ပြောရမယ်။ ဒါဘယ်လိုကြီးလဲ သူ မသိတော့ပေ။ သူ့ဘဝက ဘာတွေများဖြစ်နေတာလဲ။ ထမင်းစားတော့လည်း ကိုယ်မြန်မာအစားအစာကို မက်တဲ့သူ့အကြိုက်ကို ဘုံကသိပြီး ချက်လာပေးသည်။ ဘုံက သူရွေးချယ်ရမယ့် လူတစ်ယောက်ပင်။ ချစ်လည်းချစ်ခဲ့တဲ့လူတစ်ယောက်။ ဟိုမှာနေတုန်းကလည်း သူ့ကိုသဘောကျတယ် အရင်သူနဲ့တွဲကြည့်ပါလားဆိုပြီး ဘုံ့ဘက်ကစလာတာဖြစ်သလို တွဲခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ သူ့ကိုစိတ်မချမ်းသာအောင်လုပ်ဖူးတာမရှိဘူး။ ကိုယ်လက်တွဲမယ်ဆိုပြီး ဆုံးဖြတ်ထားတာမဟုတ်ဘူးလား။ ဘုံသာသူ့အနားမှာရှိရင် သူ့အတွက်အရာရာ အသေးစိတ်လိုက်လုပ်ပေးမှာ။ သူစိတ်ချမ်းသာရမှာ။ အခုတော့ လူရှုပ်လူပွေနဲ့လက်ထပ်ရမယ်တဲ့။ ဒါက ဖြစ်သင့်ရဲ့လား။ ဘုံ့ကိုရော ဘယ်လိုပြောရမလဲ။

ဘုံတေဇ ချက်ပြီးထည့်လာတဲ့ ထမင်းနဲ့ဟင်းတွေကို ပန်းကန်ထဲလှယ်ထည့်ရင်း ပြင်လိုက်သည်။ ကြားထဲမှာ ကိုကို့ကိုလည်း အကဲခက်ရသေးသည်။ ကိုကိုက အဖိုးဦးမင်းထင်နဲ့တွေ့ပြီးနောက်မှ စိတ်နဲ့လူနဲ့မကပ်ဖြစ်နေတာ။ သူ မြို့ထဲက ကိုကိုငှားပေးတဲ့ နေရာမှာ နေရတာအဆင်တော့ပြေသည်။ ကိုကိုက သူပိုက်ဆံပေးမယ်ဆိုတာကိုမယူပဲ ငှားပေးထားတာ။ တိုက်ခန်းဆိုပေမယ့် ကွန်ဒိုနီးပါးပဲမဟုတ်လား။ လုံခြုံရေးနဲ့ ဓါတ်လှေကားနဲ့ အဆင်တော်တော်ပြေသည်။ ထမင်းစားချိန်ဆို သူတို့အခန်းထဲမှာ ဘယ်တော့မှမစား။ ဝန်ထမ်းတွေစားတဲ့နေရာမှာပဲ လွတ်မှ ကိုကိုနဲ့သူက သွားစားဖြစ်သည်။

“ဟဲ့ မင်းသားကျနေရာ မိုက်လိုက်တာ”
“အေးဆို အပြင်မှာမြင်ဖူးချင်နေတာ အခုမှပဲ မြင်ဖူးတော့တယ်”
“အပြင်မှာပိုမိုက်တယ်နော်၊ သူ့ဆံပင်အကောက်တွေကို ကြိုက်လိုက်တာ မွေးရာပါအကောက်တဲ့”

ဝန်းထမ်း နှစ်ယောက်က ဝင်လာပြီး ကော်ဖီထည့်ကာ ပြန်ထွက်သွာတာ။ ကော်ဖီစက်ကအပြင်မှာဖြစ်လို့ သူတို့ရှိနေတာကိုမမြင်ပဲ တစ်ယောက်ယောက်အကြောင်းကိုပြောနေတာ။ ဘယ်သူလဲတော့မသိပေ။

ကျွီ!!

နောက်ထပ်တံခါးက ပွင့်လာပြန်သည်။ ဘာကြားရအုန်းမလဲမသိ။

“နေ့လည်စာ စားနေတာလား”

မြန်မာ့ဂုဏ်ရည် ထိတ်ကနဲဖြစ်သွား၏။ အသံကြားတာနဲ့ ခေါင်းကချာကနဲ အလိုအလျောက်လှည့်ကြည့်မိသွားသည်။ သူပုံစံအတိုင်း ဝတ်ပုံစားပုံနဲ့ ရေးဇိန်မင်းထင်က Myanmar Honor Group ရဲ့ ထမင်းစားခန်းထဲအထိ ဘာလာလုပ်တာလဲ။

“မင်း ထွက် အပြင်မှာစကားပြောမယ်”

ဘုံ့ကိုတောင် သူဘာမှမပြောရသေးဘူးလာ။ သူသေချာအချိန်ယူပြီးပြောမှာလေ။ ဒီကောင်က တဇွတ်ထိုး။ ဒီမှာပြောချလိုက်ရင် ဘယ်လိုလုပ်မလဲ။ ဖေဖေနဲ့မေမေကလည်း သူ့ကို စီးပွားရေးအရရော ကိုယ့်တက်လမ်းအရရော ဘုံနဲ့ယှဉ်ရင် ရေးဇိန်မင်းထင်နဲ့ လက်ထပ်လိုက်ဖို့ပဲ တိုက်တွန်းနေတာဖြစ်သည်။

“အိုး…သတို့သားလောင်းကလဲ နွေးထွေးလိုက်တာ၊ ရတယ် ကိုယ်ကအများကြီး ချစ်ပေးမှာ အတင်းမတွန်းနဲ့လေ”

မြန်မာ့ဂုဏ်ရည်ကသူ့ကျောကိုလက်ဝါးနဲ့ထိကာ အပြင်ကိုတွန်းပြီးသူပါလိုက်ထွက်နေတာကြောင့် ရေးဇိန်မင်းထင်ပြောလိုက်ကာ ရှောင်လိုက်သည်။

“အခုပဲ ပြန်ထွက်မှာ၊ မင်းကြည့်လို့ရအောင် လာပြတာ၊ wedding card မင်းစိတ်တိုင်းကျပြင်လို့လဲရတယ်”

နားထင်ကသွေးကြောတွေပေါက်ထွက်သွားသလားထင်ရသည်။ ဘုံတေဇကတော့ ထိုင်နေရင်း သူတို့နှစ်ယောက်ဘာတွေပြောနေမှန်း မသိပေ။

“အတွင်းရေးမှူး ထမင်းစားနေတာလား”

“ဟုတ်ကဲ့”

“အတွင်းရေးမှူးက အကြံပေးလိုက်ပါအုန်း၊ wedding card က အဆင်ပြေမပြေလေ”

ရေးဇိန်မင်းထင် ဘုံတေဇဘက်လှည့်ပြောလိုက်ရင်း မြန်မာ့ဂုဏ်ရည်ဘက်ပြန်လှည့်ကာ

“သွားတော့မယ် အချိန်မဆွဲနဲ့ ခံရတဲ့သူက ပိုနာကျဉ်ရတယ်အိုကေ မင်းကိစ္စတွေကို အမြန်ဖြတ်ဖို့လိုတယ် သွားပြီးနော် ဘုံတေဇ”

ရေးဇိန် ပြန်ထွက်ခဲ့လိုက်သည်။ မြန်မာ့ဂုဏ်ရည် အားနာတတ်ပုံနဲ့ သူ့ကောင်လေးကို ဘာမှမပြောရသေးမှန်း ရေးဇိန်သိနေတာကြောင့် ဝင်လာခဲ့တာ။ တစ်ဖက်က ယောက္ခမကြီးတွေက ဖိုးဖိုးကိုအကြောင်းပြန်လာတယ်မလား။ သူတို့ သဘောတူပါတယ်တဲ့လေ။ အဲ့တော့ ကိုယ်က ပေါ်တင်ပဲ ဝင်ထွက်သွားလာတော့မှာ။ ခိုးချောင်ခိုးဝှက်လုပ်နေရတာတွေနဲ့ သူနဲ့လုံးဝမဖြစ်။

“ကိုဂုဏ် ဘာ wedding card လဲ ပြအုန်းလေ”

အင်္ကျီကုတ်အတွင်းအိတ်ကပ်ထဲ ထည့်ထားတဲ့ ကဒ်ကိုဘုံတောင်းကြည့်ပေမယ့် ကိုဂုဏ်က လုံးဝမပြပေ။

“ပြီးမှ အထဲမှ ကိုယ်အားလုံး ပြောပြမယ်”

“ဘာကိုပြောပြမှာလဲ ဘုံနားလည်အောင် နည်းနည်းပါးပါးပြောပါအုန်း အခုဘယ်သူ့ wedding လဲ”

ဘုံ စိတ်လှုပ်ရှားနေတာပဲ သိတော့သည်။ ရေးဇိန်မင်းထင်နဲ့ ကိုကိုက ဘာဖြစ်လို့ ဒီလိုဆက်ဆံရေးဖြစ်သွားတာလဲ။ သူသိသလောက်က ကိုကိုနဲ့ရေးဇိန်မင်းထင်က အဆင်မပြေဘူးမလား။ အခုက ရေးဇိန်မင်းထင်က ဒီလုပ်ငန်းထဲအထိလာပြီး ဒီထမင်းစားခန်းအထိ ဝင်လာတာ။ နောက်ထပ်တံခါးသံကြားမှ သူစကားဆက်မပြောပဲနေလိုက်သည်။ လူတွေကြားသွားလို့မကောင်း။

“ဟဲ့ ဘာတဲ့လဲ”
“အမလေး ကြက်သီးထလိုက်တာ”
“ပြောစရာရှိတာပြောစမ်းဟယ်”
“နင်မကြားဘူးလား ရေးဇိန်မင်းထင်က ငါတို့ MD နဲ့ မင်္ဂလာပွဲလုပ်မလို့ပါဆိုနေ”

ချွင်~~

ထိုအခိုက်မှာ ဘုံတေဇ လက်ထဲက ဇွန်းက ကြမ်းပြင်ကိုပြုတ်ကျသွားတော့၏။ ကိုကို့ကိုကြည့်လိုက်တော့လည်း သူခိုးလူမိသွားသလို သူ့ကိုပြန်ကြည့်နေသည်။ ဒါက ဘာစကားကြီးလဲ။ အခု ကိုကိုနဲ့ရေးဇိန်မင်းထင်က လက်ထပ်မယ်လို့ ပြောနေတာလား။

“ဘုံ အထဲသွားရအောင်”

အားလုံးကြားသွားမှ သူသေချာဖွင့်ပြောမှဖြစ်တော့မှာ။ ဘုံက စားနေရင်းတန်းလန်း အပြင်က ဝန်ထမ်းလေးတွေစကားကြောင့် ဇွန်းတောင်လွတ်ကျသွားတာမဟုတ်လား။ မြန်မာ့ဂုဏ်ရည် ဇွန်းကိုကောက်ပြီး ဘေစင်ထဲထည့်လိုက်ကာ ဟင်းပန်းကန်တွေနဲ့ စားနေဆဲ လက်စတွေကို အုပ်စောင်းယူပြီး အုပ်လိုက်သည်။ ပြီးတာနဲ့ ဘုံ့ကိုဆွဲထူပြီး ရှေ့ကသွားဖို့ ပုခုံးနေယူလိုက်တော့ ဘုံက ရှေ့ကနေပဲ မြန်မြန်ထွက်သွားတော့သည်။ မြန်မာ့ဂုဏ်ရည်နောက်မှ မြန်မြန်လိုက်ရသည်။ သူအထဲရောက်တော့ ဘုံကဆိုဖာမှာထိုင်နေ၏။ ဘာမှလည်းစကားမပြောပဲ ရုပ်သေကြီးနဲ့ဖြစ်သည်။ မြန်မာ့ဂုဏ်ရည် ဘုံ့ရှေ့မှာသွားထိုင်လိုက်ပြီး

“ဘယ်ကစပြောရမလဲတောင်မသိတော့ဘူး”

ဘုံ ကိုကို့ကိုကြည့်လိုက်သည်။ တကယ်ပဲ သူဘာမှမပြောချင်ဘူး။ သူကြားခဲ့တာတွေက ဘာတွေမှန်းလည်းမသိဘူး။ ကိုကိုက သူ့ကိုကြည့်နေပြီး ပြောရမှာခက်နေတဲ့ပုံဖြစ်နေသည်။ ဘာတွေများအဲ့လောက်ပြောရခက်စရာရှိနေလို့လဲ။

“လက်ထပ်တယ်ဆိုတာဘာလဲ ကိုကို”

ဘုံစိတ်မရှည်တော့ပဲ မေးလိုက်တော့သည်။ ကိုဂုဏ်လို့ခေါ်ဖို့လည်း အာရုံမလာတော့။

“ကိုယ်တို့ အပြင်သွားကြမလား”

ဒီကိစ္စပြောဖို့အပြင်သွားဖို့လိုလို့လား။

“လိုလို့လား ကိုကို”

“အပြင်ဆိုတာ ဘုံ့တိုက်ခန်းကိုလေ”

မြန်မာ့ဂုဏ်ရည် ဘုံ့ကိုခေါ်ထုတ်လိုက်ရသည်။ ခေါ်မထုတ်လို့မရ။ ဒီကိစ္စက ဒီအတိုင်းပြောချလိုက်လို့ရတာမဟုတ်။ ဘုံနေတဲ့တိုက်ခန်းရောက်တော့ အရာအားလုံးက အစီအရီနဲ့ဖြစ်နေသည်။ ဆိုဖာဆက်တီမှာ သူဝင်ထိုင်တော့ ဘုံက နောက်ကိုဝင်သွားပြီး ရေဘူးနဲ့ဖန်ခွက်ယူကာ ပြန်ထွက်လာ၏။ ဘုံ့ကိုဒီအခန်းငှားပေးပြီးနောက်မှ ဒါက ဒုတိယတစ်ခါ ရောက်ဖူးတာပင်။

“ပြောပါအုန်း ကိုကို့ကိစ္စ”

ဘုံက သူ့ဘေးနားမှာ ကပ်ပြီးဝင်ထိုင်ကာ မေးသည်။ ဘုံနဲ့သူက ဒီလိုပူးပူးကပ်ကပ်တစ်ခါမှ မနေဖူးပေ။ သူတို့ဟိုမှာနေတုန်းကလည်း လက်တွဲအတူသွားပြီး အတန်းအတူတက်၊ အတူလျှောက်လည်၊ အပြန်အနမ်းပေးပြီး ကိုယ့်နေရာကို ကိုယ်ပြန်ခဲ့တာတွေပဲဖြစ်သည်။

“ကိုယ် ရေးဇိန်မင်းထင်နဲ့ လက်ထပ်ပွဲလုပ်ရလိမ့်မယ်ထင်တယ်”

“ဘာပြောတယ်”

ဒါက နားလည်စရာအကြောင်းမရှိ။ ဘုံတေဇ မျက်မှောက်ကြုတ်ထားပြီး ကိုကို့ကိုကြည့်လိုက်သည်။ ကိုကို စနေတာမဟုတ်ဘူးပဲ။

“ပြောတော့ ဘုံနဲ့အကြောင်း ကိုကို့အိမ်ကိုဖွင့်ပြောမယ်ဆို၊ ဘုံနဲ့လက်ထပ်ဖို့အတွက် သူဌေးနဲ့အတွင်းရေးမှူး လက်တွဲညီညီ လုပ်ငန်းစုကို ပြန်ကောင်းအောင် တည်ထောင်မယ်ဆို..”

ဘုံ စကားတောင်ဆက်မပြောနိုင်တော့ပေ။ သူ့ဘက်က စပြီး နှစ်ဖက်အိမ်ကိုဖွင့်ပြောပြီးပေါ်ပေါ်ထင်ထင်တွဲဖို့ပြောတော့ အိမ်ကိုဖွင့်ပြောအုန်းမယ်တဲ့။ သူ့မှာတော့ အားတတ်သရောဖြစ်နေတာ။ အခုတော့ ပြန်ကြားရတာက ရေးဇိန်မင်းထင်နဲ့ လက်ထပ်ပွဲလုပ်ရလိမ့်မယ်တဲ့လေ။ ဒါဖြစ်သင့်ရဲ့လား။

“ကိုယ် ဖွင့်ပြောတယ် ဘုံ၊ ကိုယ်ဖွင့်ပြောပေမယ့် အဖိုးဦးမင်းထင်ကိုယ်တိုင်က ဖေဖေ့နဲ့တိုက်ရိုက်စကားပြောလာလို့..”

“နေပါအုန်း နေပါအုန်း ဒီကိစ္စမှာ King Group ကအဖိုးဦးမင်းထင်က ဘယ်လိုပတ်သတ်နေလဲ”

ဒါကို သူတကယ်နားမလည်။

“အဖိုးဦးမင်းထင်က ရေးဇိန်မင်းထင်ရဲ့ အဖိုး ဘုံ”

“ဘာ!”

ဘုံတေဇ သူ့ကမ္ဘာကြီးက ဘာဖြစ်သွားလဲတောင်မသိတော့ပေ။ အခု နာမည်ကြီးနေတဲ့ ရေးဇိန်မင်းထင်က King Group မျိုးဆက်လို့ ပြောနေတာလား။

“အဲ့တော့ King Group က ကိုကို့ဆီက ဘာပြန်ယူရမလဲသိပြီး ကူညီတာပေါ့ အဟင်း”

“ဘုံ!”

ဘယ်လိုပဲကူညီကူညီ တစ်ဖက်ကကူညီလို့ ပြေပြေလည်လည်နဲ့အမြန်ဆုံးဖြေရှင်းပြီးသွားတာမဟုတ်လား။ တစ်ဖက်သားကို အကောင်းမြင်တတ်တဲ့ မြန်မာ့ဂုဏ်ရည်က အဲ့လိုတွေပြောတာကိုမကြိုက်။

“ဘာလဲ ဘုံပြောတာမဟုတ်လို့လား၊ သေချာတာပေါ့ ကိုကို့ကိုရည်ရွယ်ချက်ရှိရှိနဲ့ ချဉ်းကပ်ခဲ့တာပဲ”

“ဒါပေမယ့် ကိုယ်တို့အချိန်တိုအတွင်းဖြေရှင်းသွားနိုင်တာပဲလေ”

“ကိုကိုက အခုအချိန်အထိကို အကောင်းမြင်နိုင်တယ်နော်၊ ကိုကို ဘုံ့ကိုချစ်ရောချစ်ရဲ့လား”

“ကိုယ် ဘုံ့ကိုချစ်ပါတယ်၊ ဘုံနဲ့ကိစ္စကိုလည်း အိမ်ကိုဖွင့်ပြောတယ်၊ ဒါပေမယ့် ဖေဖေက…”

“အဟင်း ပိုက်ဆံရှိတဲ့သူကိုပဲ ရွေးခိုင်းမှာပေါ့”

သူ့စကားမဆုံးခင် ဘုံကဖြတ်ပြောလာသည်။ တကယ်လည်း ဘုံပြောနေတာအမှန်ဖြစ်တာကြောင့် သူဘာမှပြန်မပြောနိုင်ပေ။

“အဲ့တော့ အခုကိုကို ဘာလုပ်မှာလဲ”

“ဘုံတို့ ထွက်ပြေးကြမလား ကိုကို”

“ဘယ်ဖြစ်မလဲ ဘုံ”

“အဲ့ဒါဆို ကိုကို ဘာလုပ်မှာလဲ၊ ဘုံက ဘာလုပ်ရမှာလဲ”

“ကိုယ်စဉ်းစားထားတာ၊ ဒီကိစ္စက ဖြတ်လို့ရတာမဟုတ်ဘူး၊ အဲ့ဒါကြောင့် ရေးဇိန်မင်းထင်နဲ့ညှိပြီး အချိန်တစ်ခုလောက် လူကြီးတွေနားလည်မယ့်အချိန်တစ်ခုလောက်အထိ ဖြတ်သန်းမှဖြစ်မယ်လို့ ကိုယ်ထင်တယ်”

“အဲ့တော့ ဘုံက တိတ်တဆိတ်နေရမယ်ပေါ့”

“အခြေအနေအရ…”

“အဟင်း..”

ဘုံတေဇ စိတ်ပျက်စွာရယ်မိသွားသည်။ အခြေအနေအရ သူ့ကတိတ်တိတ်လေးနေရမယ်ပေါ့။ ကိုကို့ကို တခြားသူနဲ့လက်ထပ်ပွဲလုပ်တာကို သူက ဒီအတိုင်းကြည့်နေရမှာပေါ့။

“နည်းနည်းမလွန်ဘူးလား ကိုကို၊ ဘုံက ကိုယ်ချစ်တဲ့သူတခြားတစ်ယောက်နဲ့ လက်ထပ်မှာကို ထိုင်ကြည့်နေရမှာပေါ့”

“ကိုယ် ဖြေရှင်းမှာ…ဘုံ ဒီအတိုင်းလေး ခဏပဲ စိတ်ရှည်ပေးပါနော်”

…………

“ကိုယ် ဒီအရွယ်အထိ မိဘစကားပဲနားထောင်ခဲ့တာမို့၊ ကိုယ်ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်နဲ့အချင်းမပွားချင်ဘူး၊ အဲ့ဒါကြောင့် ဘုံက ကိုယ့်ကိုယုံပြီး စောင့်ပေးပါ”

ဘုံတေဇ ကိုကို့ကို ဘာမှမပြောချင်တော့ပေ။ သူ့က တိတ်တိတ်ပုန်းလား။ ဒါပေမယ့် သူ့ဘက်ကစပြီးဖွင့်ပြောရလောက်တဲ့အထိ ကိုကို့ကို သူချစ်ခဲ့တာ။ အဲ့ဒါကပဲ သူ့ကိုဒီလိုဖြစ်အောင်လုပ်နေတာလား။ ကိုကိုက အေးဆေးနိုင်လှတယ်လို့သူထင်သည်။ ကိုကိုသူ့ကို ချစ်ခဲ့ရဲ့လား။ ကိုကိုစကားပြောတဲ့ပုံက ချစ်ရသူနဲ့ဝေးသွားမှာကို ဘာမှမဖြစ်သလိုပဲလို့ သူခံစားနေရသည်။

ဘုံ့ကိုနားချပြီး ပြန်ထွက်လာတော့ မထင်မှာစွာနဲ့ အောက်မှာအသင့်ရောက်နေတဲ့ ရေးဇိန်မင်းထင်။

“မင်း ဘာလာလုပ်တာလဲ”

“အော် ပြဿနာပြေလည်သွားပြီလား လာကြည့်တာလေ၊ ကြားကနေကူပြီး ရှင်းပြပေးရအုန်းမလားလို့”

တကယ်ပဲ မထီတထီနဲ့ ဒီရေးဇိန်မင်းထင်ဆိုတဲ့ကောင်။ သူတို့နှစ်ယောက်ကို အပေါ်က ဘုံတေဇ ကြည့်နေတာကိုနှစ်ယောက်လုံး သတိမထားမိပေ။ ကားအဖုံးပေါ်မှာထိုင်နေတဲ့ ရေးဇိန်မင်းထင်က သူ့ရှေ့မှာရပ်နေတဲ့ မြန်မာ့ဂုဏ်ရည်ကို အကြည့်မလွဲပဲ သဘောတကျကြည့်နေတာဖြစ်သည်။

“မြန်မာ့ဂုဏ်ရည် ဘယ်ကိုလဲ”

“မင်းနဲ့ဆိုင်လား”

“ဆိုင်တယ်လေ မင်းနဲ့ကိုယ်နဲ့က မကြာခင် အကြင်လင်မယားဖြစ်တော့မှာကို”

“ရေးဇိန်မင်းထင်!”

ဒီစကားကို လမ်းမပေါ်လူတွေကြားထဲမှာပြောစရာလိုလို့လား။ ဘေးနားဖြတ်သွားတဲလူတွေအားလုံး သူတို့ကိုလှည့်ကြည့်ပြီး ပြုံးတဲ့သူကပြုံး၊ အံ့ဩနေသူကနေနဲ့ဆိုတာကြောင့် ဘေးကလူတွေအားလုံး ကြားရတယ်ဆိုတာ သေချာသည်။ ရေးဇိန်မင်းထင်ကိုကြည့်တော့ အေးဆေးပင်။ တကယ်ပဲ ဒီကောင်က အရှက်မရှိပေ။ ဒီလိုလူနဲ့ သူစီစဉ်ထားတဲ့ ကိစ္စက အထမြောက်ပါ့မလား။ တိုင်ပင်ဆွေးနွေးလို့မရတာကြောင့် သူ အချိန်အတိုင်းအတာတစ်ခုအထိ ကင်းကင်းကွာကွာနေမှာဖြစ်ပြီး ဘုံ့ကိုလည်း သူစီစဉ်ထားတာကို ပြောပြထားတာ။ ရေးဇိန်မင်းထင်နဲ့တော့ အမြဲတမ်းအကြောက်အကန်လုပ်နေရမယ့်ပုံစံရှိသည်။


DUSK TILL DOWN [Complete] U & ZTempat cerita menjadi hidup. Temukan sekarang