ဝေယံ...
သူငါ့ကို အဲ့လိုခေါ်သွားတာလား??
ဒီလိုအခေါ်မခံရတာဘယ်လောက်တောင်ကြာပြီလဲ... ငါ့မေမေမရှိတော့ကတည်းကဆို ၁၃ နှစ်တောင်ကြာခဲ့ပြီ...
မေမေ.. သားအခု အဲ့နေရာကနေထွက်လာနိုင်ခဲ့ပြီ မေမေ သားကို အပြစ်တင်မှာလားဟင်...အိပ်မည်ဟု ကြံသော်လည်း အိပ်မပျော်သူ။ အိပ်ယာထဲတွင် တွေးမိတွေးရာ တွေးနေမိသည်။ ကိုယ့်လုပ်ရပ်ကို နောင်တရမိသလိုလို မရသလိုလိုဖြစ်နေ၏။
ရွံမုန်းစရာကောင်းလှသည့်နေရာမှ ထွက်ပြေးလာနိုင်ခဲ့ပေမဲ့ ယခုရောက်နေတဲ့နေရာကကော အဆင်ပြေပါ့မလား???
လှောင်အိမ်ထဲမှာ ကြီးပြင်းလာတဲ့ငှက်တစ်ကောင်ဟာ ရုတ်တရက်လွတ်လပ်သွားရင် လောကကြီးထဲမှာ ကောင်းကောင်းရှင်သန်နိုင်ပါ့မလား..."ဟမ် အင်္ကျီက ဘာလို့ကြီးနေတာလဲ ငါ့လက်ထက်တောင် အင်္ကျီလက်ကတော်တော်ရှည်နေပါ့လား..."
ဝေယံသည် အိပ်နေရာမှ ငေါက်ခနဲထထိုင်ရင်း အင်္ကျီကို ကလိနေတော့သည်။
"ခဏလေးနဲ့ နေပြန်ကောင်းသွားပြီပေါ့"
ဝေယံသည် တုံ့ခနဲ ဖြစ်သွားကာ စကားများပင် ထစ်ကုန်၏။
"အယ် မဟုတ်..."
"အင်္ကျီက ကို့အင်္ကျီပါ မနေ့ညက မင်းဝတ်လာတဲ့အင်္ကျီကစိုရွှဲနေတာပဲလေ
အဲ့တော့ ကို့အင်္ကျီပဲလဲပေးလိုက်တာ...
ဒါမဲ့ နည်းနည်းတော့ကြီးနေတယ်ပေါ့ ဟဲ ဟဲ"နည်းနည်းကြီးတာမဟုတ်ဘူး များများကြီးတာ... ဒီလူကြီးကတော့ အမြင်ပဲမကောင်းတာလားမသိ..
ဝေယံသည် စိတ်ထဲတွင် ဘုန်းမြတ်မောင်ကို ပြောဆိုရင်း မျက်လုံးကတော့ ဘုန်းမြတ်မောင်ယူလာတဲ့ ပန်းကန်ဆီသို့။
ဘုန်းမြတ်မောင်သည်လည်း အလိုက်သိစွာ ဝေယံရှေ့သို့ စားပွဲသေးသေးလေးဖြင့် တွန်းပို့ပေးလိုက်သည်။
"ရော့ သောက်လိုက်အုံး ပူတယ်နော်... ဖြေးဖြေးသောက်.."
မျက်စိရှေ့တွင်ရောက်လာသော ဆန်ပြုတ်ပန်းကန်တစ်ခုကြောင့် ဝေယံ၏စိတ်များ တစ်မျိုးတစ်ဖုံခံစားသွားရပြန်သည်။
မေမေချက်ကျွေးတဲ့ ဆန်ပြုတ်...