မကျဉ်းမကျယ်အခန်းလေးတစ်ခန်းကိုမှ ရေချိုးခန်းနှင့် အိမ်သာတွဲရက်ပါသည့် တိုက်ခန်းတစ်ခုသို့ မင်းနောင်ရောက်ရှိနေ၏။ ဧည့်ခန်း၊ အိပ်ခန်းဟူ၍ ခွဲထားခြင်းမရှိဘဲ တစ်ဆက်တည်း။ သို့သော် လူတစ်ယောက်နေဖို့အတွက်ကတော့ ပြီးပြည့်စုံလေသည်။
အခန်းအလယ်ကထိုင်ခုံတွင် ထိုင်ကာ ဟိုကြည့်ဒီကြည့်ဖြင့် အခန်းတွင်းကို အကဲခတ်နေ၏။ ဘေးနားက မင်းရိပ်သည် ခါးကို ဆတ်ခနဲဆွဲဖက်လာသဖြင့် လန့်ဖျန့်သွားရသည်။"အား!! ဘာလုပ်တာလဲလို့?!"
"မင်းက ကိုယ့်ကိုဘေးထားပြီး တခြားကို အာရုံရောက်နေတာကို..."
စိတ်ပဲထင်နေသည်လား တကယ်ပဲလားမသိ... အာကာမင်းရိပ်ဆိုသူ၏နှုတ်ခမ်းက ဆူထွက်နေသလားလို့... သူစိတ်ဆိုးနေတဲ့ပုံကလည်း ချစ်စရာကြီး။ မင်းနောင် မသိမသာပြုံးမိသည်။ အမှန်တော့ ရီချင်နေသည်။ သို့သော် သူများအိမ်ရောက်နေသည်ဆိုတော့ သည်းခံရမည်။
တစ်ဖက်ခြမ်းမှ မီးဖိုချောင်ဟု ခေါ်သင့်သည့်အခန်းထဲမှ ကော်ဖီခွက်လေးတွေကိုင်ကာ လူတစ်ယောက်ထွက်လာ၏။
"မင်းတို့ရောက်လာမှာမသိတော့ ဒါလေးပဲတိုက်စရာရှိတယ်ကွာ..."
မင်းနောင်နှင့် မင်းရိပ်ရှေ့သို့ ခွက်တွေချကာ ပြောနေသည်။ မင်းနောင်၏မျက်လုံးသည် ထိုသူကိုမြင်သည်နှင့် မျက်လုံးများအရင်တောက်သွားသည်။ အမေ့အမွေစာချုပ်လာပေးတဲ့ ရှေ့နေဦးသောင်းဟန်ဆီရောက်နေတာလေ...
"ဦးလေး ကျွန်တော်လာတဲ့ကိစ္စကို ဦးလေးသိလောက်မယ်ထင်တယ်"
ထိုသူသည် ပြုံးရောင်သန်းကာ ပြန်ပြောလာ၏။
"မင်းအမေကြောင့်မဟုတ်လား?"
မင်းနောင်သည် မသိမသာခေါင်းငြိမ့်ပြလာ၏။ မင်းရိပ်ကတော့ မင်းနောင်ဆီကအကြည့်မလွှဲ။ မင်းနောင်၏လက်တစ်ဖက်ကို ဆုပ်ကိုင်ထားပေးနေ၏။
"ဦးလေးက ဦးထွန်းနိုင်လက်အောက်မှာ လုပ်ခဲ့တာ ကျွန်တော်သိပါတယ် သူ့အရှုပ်ထုပ်တွေလည်း ရှင်းပေးတဲ့သူ ဒါမဲ့ ဘာလို့ ကျွန်တော့်အမေရဲ့အမွေစာချုပ်က ဘယ်လိုလုပ် ဦးလေးဆီရောက်နေတာလဲ? ထပ်ပြောရရင် ကျွန်တော့်အမေနဲ့ ဦးလေးက အရင်ကတည်းက သိနေတာလား?"