ကိုယ့်အရှေ့ထမင်းစားပွဲပေါ်တွင် ကိုယ်အကြိုက်ဆုံးဖြစ်တဲ့ ပုဇွန်ထုပ်ဟင်းကိုပင် ခံတွင်းမတွေ့။ ငူငူငိုင်ငိုင်ဖြင့် တစ်ယောက်တည်းအတွေးနယ်ချဲ့နေသူ။
"ဝေယံ??"
ဘုန်းမြတ်မောင်၏ခေါ်သံကြောင့် ပြာပြာသလဲ ထထူးသည်။
"ဟုတ်...ဗျာ.."
"ဘာတွေအတွေးလွန်နေတာလဲကွာ ရော့ ဟင်းထည့်စားအုံး"
မိမိပန်းကန်ထဲသို့ ပုဇွန်ထုပ်တစ်ကောင်ထည့်လာပေးသည်။ ပြီးတော့ အခွံခွာပြီးသား။
ဝေယံ၏နှုတ်ခမ်းထောင့်မှာကွေးတက်သွားသည်။ ကိုယ့်ကိုနားလည်လွန်းတဲ့သူ၊ အရိပ်အကဲသိလွန်းတဲ့သူ။ ဒါပေမဲ့ ကိုကိုက လျှို့ဝှက်ဆန်းကြယ်တဲ့သူ။
"ဝေယံ ကိုဒီနေ့သွားစရာရှိလို့ အိမ်မှာတစ်ယောက်တည်းနေခဲ့ရမှာ အဆင်ပြေလို့လား??"
ဝေယံသည် အပြုံးနှင့်သာ တက်ကြွနေသည့်လေသံဖြင့် ပြန်ပြောသည်။
"ရပါတယ် ဒီနေ့ နောင်လေးလာမယ်တဲ့ ကျောင်းပိတ်တော့ ကျွန်တော်နဲ့ကစားချင်လို့တဲ့"
ဘုန်းမြတ်မောင် မျက်ခုံးတွန့်သွားပြီး အလိုမကျဟန်ဖြင့် မေးလိုက်သည်။
"ဘာကစားမလို့လဲ??"
"မသိဘူး လာမှပြောပြမယ်တဲ့"
ခေါင်းသာငြိမ့်ပြပြီး ထမင်းစားပွဲမှရုတ်တရက်ထသွားသည်။
"ကို ဝပြီ အပြင်သွားဖို့ အဝတ်သွားလဲလိုက်အုံးမယ်"
ရုတ်တရက်ကြီး ဘာထဖြစ်တာလဲဟ...
ဝေယံလည်း ကြောင်တောင်တောင်ဖြင့် ထမင်းစားပွဲတွင် တစ်ယောက်တည်းကျန်ရစ်ခဲ့သည်။
******
ဝေယံသည် ဧည့်ခန်းထဲရှိဆိုဖာပေါ်၌ ပက်လက်လှန်ရင်း စာအုပ်တစ်အုပ်ထဲ စိတ်ဝင်စားနေတုန်း တစ်ဖက်အခန်းထဲမှထွက်လာသည့်သူကြောင့် ငုတ်တုပ်ထထိုင်ပြီး ငေးကြည့်နေမိလိုက်သည်။
ပန်းနုရောင်ရှပ်အင်္ကျီကို နီညိုရောင်ယောပုဆိုးဖြင့်တွဲဝင်ဆင်ထားပြီး ပုံစံတကျရှိနေသည့်နက်မှောင်လှသည့်ဆံပင်မှာ ဝေယံ၏မျက်လုံးကိုဆွဲဆောင်နေလေသည်။
အမြဲတစေ ဘောင်းဘီသာဝတ်တတ်သည့်ဘုန်းမြတ်မောင်မှာ အခုပုဆိုးဖြင့်။ သို့သော်လိုက်ဖက်နေခြင်း။
မဖြူတဖြူအသားအရေမှာ ကြည်လင်နေပြီး ပန်းရောင်နှင့်ပင်လိုက်ဖက်နေလေသည်။
![](https://img.wattpad.com/cover/344703059-288-k34345.jpg)