ဧည့်ခန်း၏ထိုင်ခုံတွင် ကိုယ်စီထိုင်နေကြသော လူသုံးယောက်။ ဘာစကားမှမပြောဘဲ မလှုပ်မယှက်နေနေကြသည်မှာ အနားမှဖြတ်သွားသည့်သူတိုင်းအား ကသိကအောက်ဖြစ်စေနိုင်သည်။ ဘုန်းမြတ်မောင်သည် ကော်ဖီခွက်များယူလာပေးကာ တစ်ယောက်စီ၏ရှေ့သို့ချပေးသည်။ ချပေးပြီးသည်နှင့် သီဟထိုင်နေသည့်နှစ်ယောက်ထိုင်ခုံတွင် ကပ်ဝင်ထိုင်လိုက်သည်။ သီဟသည် လက်တို့ရင်း သူတို့၏မျက်နှာချင်းဆိုင်၌ထိုင်နေသော ဟိန်းမင်းထက်ဆီမျက်လုံးမျက်စပစ်ပြသည်။
ဟိန်းမင်းထက်သည် သူတို့ရှေ့တွင်ထိုင်နေသော်လည်း သူ၏စိတ်ကတော့ ဒီနေရာတွင်ရှိမနေပေ။ရုတ်တရက်ကြီးသူ့နားကထွက်သွားသောသူကြောင့် ညဘက်တွေဆိုလည်း ကောင်းကောင်းမအိပ်၊ အစားလည်းကောင်းကောင်းမစားတော့သောကြောင့် အရင်ထက်တောင် အနည်းငယ်ပိန်သွား၏။ မြင်ရသည့်သူများမှာလည်း စိတ်မချမ်းသာရပေ။ ရှင်းသန့်မောင်ထွက်သွားသည်မှာ တစ်ပတ်သာရှိသေးပေမဲ့ ဟိန်းမင်းထက်အတွက်တော့ ၁နှစ်လောက်ကြာသလိုခံစားနေရ၏။ ထွက်သွားသည့်သူကို ဆွဲမထားနိုင်ခဲ့ပေမဲ့ ထွက်သွားမယ့်သူပြန်လာမှာကိုတော့ စောင့်မျှော်နေအုံးမည်။ ကျန်သုံးယောက်တွင်လည်း အတွေးတစ်ခုသာရှိသည်။
ရှင်းသန့်မောင်... မင်းပြန်လာပြီး ဒီလူကိုကယ်တင်ပေးပါအုံးကွာ...
"ဟိန်းထက် မင်းအဆင်မပြေရင်အတင်းလုပ်စရာမလိုပါဘူးကွာ ငါတို့ဘာသာလုပ်လိုက်မယ်"
မင်းရိပ်သည် စကားစပြောတော့ ဘုန်းမြတ်မောင်နှင့် သီဟကပါရောဝင်လာ၏။
"ဟုတ်တယ် တကယ်လို့စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေရင် အမှားတွေလုပ်မိပြီး ငါတို့စီစဉ်ထားသမျှရေစုန်မျောဇမှာကွ..."
"ငါ့အထင်တော့ အလုပ်ကိစ္စထက် ကိုယ်ရေးကိုယ်တာကိစ္စကပိုအရေးကြီးတယ်ကွ မင်းဒီလိုခံစားနေရမယ့်အစား သူ့ကိုလိုက်ရှာရင် လိုက်ရှာလိုက်ပါလား?"
တစ်ယောက်တစ်ခွန်းပြောအပြီးတွင် ဟိန်းမင်းထက်လည်း ပါးစပ်ဟလာ၏။
"မင်းတို့ကိုစိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ် ဒါပေမဲ့ ငါဒီအမှုကနေတော့လက်မရှောင်နိုင်ဘူး ဒီမူးယစ်ဆေးအမှုကို ငါစုံစမ်းလာတာကြာပြီ ပြီးတော့..."