တစ်နေကုန်ကိုယ်မှာငြိတွယ်နေတဲ့ပင်ပန်းမှုတွေက အိပ်ရာပေါ်လှဲချလိုက်တာနဲ့ ယူပစ်လိုက်သလို။ အသက်တဝကြီးရှုသွင်းပြီး ပြန်ထုတ်လာတဲ့လေတွေဟာ ခန္ဓာကိုယ်က နွမ်းနယ်မှုတွေကို အပြင်ထုတ်လိုက်သလို။ တကယ့်ကို ကိုယ့်အိမ်ကအကောင်းဆုံးပဲ။
တစ်ယောက်တည်း တွေးရင်း နှုတ်ခမ်းကလည်း ပြုံးမိရင်း...ရုတ်တရက်ငေါက်ခနဲထထိုင်လိုက်ကာ စာကြည့်စားပွဲပေါ်ပစ်တင်လိုက်သည့်လွယ်အိတ်ဆီ အပြေးသွားပြီး ဖုန်းထုတ်လိုက်သည်။ ချက်ချင်းပင် နံပါတ်တစ်ခုကိုခေါ်လိုက်ကာ တစ်ဖက်ကလည်းချက်ချင်းဆိုသလိုပြန်ဖြေလာသည်။
"ဟယ်လို..."
"ယံယံ မင်းအားနေတာလား?"
"အားတယ်လို့မဟုတ်ပေမဲ့ လူနည်းနည်းတော့ရှိနေသေးတယ် ဘာလဲ မင်းလာမလို့လား?"
မင်းနောင်သည် 'လာမယ်လေ' လို့ပြောမည်အလုပ် တစ်ခုခုကိုသတိရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ လေးလံသောအသံဖြင့်..."မလာတော့ပါဘူးကွာ မနက်ဖြန်မှပဲလာတော့မယ် ကျောင်းစာတွေလည်း လုပ်စရာရှိသေးတယ် ပြီးတော့... လုပ်စရာကိစ္စလေးလည်းရှိသေးလို့"
"အေးပါ အဲ့တာဆိုလည်း မနက်ဖြန်မှတွေ့တာပေါ့"
မင်းနောင်သည် ရုတ်တရက်စုပ်တစ်ချက်သပ်လိုက်ကာ...
"မင်းကြည့်ရတာပျော်နေတဲ့ပုံပဲနော် ကျောင်းထွက်လိုက်တော့ စာမလုပ်ရတော့တာ တော်တော်ပျော်နေတယ်ထင်တယ်.."
တစ်ဖက်မှ တဟီးဟီးရီသံလေးက သေးသေးလေးထွက်လာလေသည်။ ပြီးမှ ပြောလာသည်။
"ကျောင်းထွက်ပြီး ကော်ဖီဆိုင်ပဲဖွင့်တော့မယ်ပြောတုန်းက ကိုကို့ကိုဘယ်လောက်တောင် တောင်းပန်ခဲ့ရလဲမင်းမသိပါဘူး ဒါမဲ့အဲ့အတွက်ကြောင့် အခုငါလုပ်ချင်တာလုပ်နေရတယ်လေ"
"မင်းကကံကောင်းပါတယ်ကွာ ငါ့လိုမဟုတ်ဘူးငါကတော့ ဘာလုပ်ချင်လို့လုပ်ရမှန်းမသိဘူး ဘာအလုပ်လုပ်ရမယ်မှန်းလည်းမသိဘူး ကျောင်းကလည်းဘွဲ့တစ်ခုအတွက်ပဲတက်နေရတာ စိတ်လည်းမဝင်စားပါဘူးကွာ"
သက်ပြင်းချသံပြင်းပြင်းနှင့်အတူ ထွက်လာသည့်စကားများက လမ်းပျောက်နေသည့်လူတစ်ယောက်လို...