ထိန်ထိန်လင်းနေတဲ့ ပဲရစ်မြို့ရဲ့ညတစ်ည။ တလက်လက်တောက်ပနေသည့်ပဲရစ်မျှော်စင်ကြီးကလည်း သွားလာနေတဲ့သူအပေါင်းအတွက် စိတ်ကြည်နူးစရာတစ်ခုအလား။ တဖြည်းဖြည်းလျှောက်လှမ်းနေမိသည့်ခြေလှမ်းများမှာ လေးလံနေသည်လား ပတ်ဝန်းကျင်ကိုငေးလွန်းနေမိလို့လား မသိ ခြေလှမ်းတစ်လှမ်းလှမ်းရန်ပင် ခက်ခဲနေလေသည်။ ဘေးဘက်ဘေးယံမှာလည်း ဓာတ်ပုံတွေတဖျက်ဖျက်ရိုက်ကာ အမှတ်တရကိုသိမ်းဆည်းနေကြသည့်လူတွေ။ သူတို့အတွက် မမေ့နိုင်တဲ့ အမှတ်တရတစ်ခု၊ အဓိပ္ပာယ်ရှိတဲ့အရာတစ်ခု စွဲထင်ကျန်နေကြမည်ကို ဟိန်းမင်းထက် မှန်းဆမိသည်။
လုပ်ချင်တဲ့အရာတွေ ဖြစ်ချင်တဲ့အရာတွေရှိနေပေမဲ့ အားလုံးဟာ တစ်ယောက်သောသူမပါရင် အဓိပ္ပာယ်မရှိတော့ဘူးလေ။ စိတ်ထဲတွင် ခိုင်မာသည့်ဆုံးဖြတ်ချက်တစ်ခုကတော့ သူ့ကိုမပြောမဆိုထားရစ်ခဲ့သည့် ရှင်းသန့်မောင်ဆိုသူကို တွေ့အောင်ရှာမည်ကိုပင်။
အပန်းဖြေထိုင်နားရန်လုပ်ထားသည့် အနီးနားထိုင်ခုံတွင် ခဏတဖြုတ်ထိုင်နေလိုက်သည်။ သွားလာနေသည့်သူတွေကို သတိလက်လွတ်လိုက်ကြည့်နေမိသည်။ မိသားစုလိုက်လျှောက်လည်နေကြတဲ့သူတွေ၊ သမီးရည်းစားချစ်သူတွေ၊ သူငယ်ချင်းတွေ တတွဲတွဲဖြင့် ဓာတ်ပုံတွေရိုက်လိုက် ပြုံးလိုက် စကားပြောလိုက်... ကြည့်ရသည်မှာ တော်တော်ပျော်စရာကောင်းမည့်ပုံပင်။ ဟိန်းမင်းထက်သည် ရုတ်တရက်ဆိုသလို ပြုံးမိသွားရသည်။ ဘာကြောင့်မှန်းတော့မသိပေမဲ့ တခြားသူတွေအတွက် ပြုံးပေးမိလိုက်သလို တခြားသူတွေလည်း ကိုယ့်ကိုတွေ့ရင်ပြုံးပေးကြမလား။ တစ်ခါမှမတွေ့ဖူး မမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို ခင်မင်ကြပါ့မလား။
တွေးမိသည့်အတွေးတွေက ထူးဆန်းလွန်းလို့ကိုယ့်ကိုကိုယ်မယုံနိုင်ဖြစ်သွားရသည်။ ဟုတ်တာပေါ့ ရှင်းသန့်မောင်ဆိုတဲ့သူကြောင့်ပေါ့... အမြဲတမ်း ခရီးသွားတဲ့အကြောင်း၊ သူလုပ်ချင်တဲ့အကြောင်း၊ နိုင်ငံရပ်ခြားကသူတွေနဲ့ ခင်မင်ချင်တဲ့အကြောင်းတွေ သူ့အတွေးတွေကိုပြောပြလွန်းလို့ သူ့လိုတောင်တွေးနေမိနေပြီ။ ရိသဲ့သဲ့အပြုံးနှင့်တစ်ယောက်တည်း ထိုင်ခုံတွင် ပြုံးနေမိတော့သည်။