ဘေကျင်းမြို့ရဲ့ နေရာတစ်နေရာမှာ အခြေစိုက်နေတဲ့ Lifestyle Companyဟာ နာမည်ကြီး ဟိုတယ်ကုမ္ပဏီတစ်ခုပင်။ မြန်မာနိုင်ငံမှရင်းနှီးမြုပ်နှံသူသာမက တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံသူများပါ များပြားလှ၏။
"ဆရာ အစည်းအဝေးစတော့မယ်ခင်ဗျ..."
"အိုကေ ငါလာခဲ့မယ်"
ညသန်းခေါင်အချိန်မှာ ဝင်လာသည့်ဖုန်းကြောင့် ဖုန်းချပြီးသည်နှင့် ဖြစ်ပေါ်လာတဲ့ လေးလံတဲ့စိတ်များကြောင့် ပြန်အိပ်မပျော်ကာ မိုးလင်းသည်အထိ မျက်လုံးမှာကြောင်နေခဲ့၏။
ဒါကြောင့် နေ့လည်ဘက်တွင်တော့ ဘာကိုမှစိတ်မဝင်စား အိပ်သာငိုက်နေတော့သည်။ဘေးတွင်ထိုင်နေသည့် ခန့်ဇော်မှာ သတိပေးနေရသည်။
"ဆရာ... ဆရာ..."
ဘေးနားမှ လှမ်းခေါ်သံကြောင့် အိပ်ငိုက်နေရာမှ လန့်နိုးလာသောမင်းရိပ်။
အစည်းအဝေးလုပ်နေပေမဲ့ စိတ်ကတော့ ဒီမှာမရှိ။ အိပ်ရာဆီသို့သာ...အခုသာအိပ်လို့ရအောင် အိပ်ပစ်လိုက်ချင်တယ်ကွာ ဘုန်းမြတ်မောင်!! သေနာကောင်!! ငါမြန်မာနိုင်ငံပြန်ရောက်တာနဲ့ တွေ့မယ်!!!
အစည်းအဝေးပြီးသည်နှင့် အခန်းထဲပြန်ကာ နား မည်ဟုကြံလိုက်သည်။ သို့သော် အနောက်လူမှပြောလိုက်သည့်စကားကြောင့် မိမိ၏စိတ်ကူးက ပျက်စီးသွားခဲ့ရပြန်သည်။
"ပန်းအလှဆင်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖို့ရှိသေးတယ် ဆရာ"
"အေး သွားရအောင်"
မင်းရိပ်သည် ဆံပင်ကိုထိုးဖွပစ်လိုက်ရင်း စိတ်ပျက်နေသောအသံဖြင့် ပြောလိုက်၏။
အခန်းထဲသို့ရောက်သည်နှင့် အညိုရောင်တောက်တောက်ယောပုဆိုးနှင့် ရှပ်အင်္ကျီအဖြူလက်ရှည်ကို တွဲဖက်ဝတ်ဆင်ထားသည့် လူတစ်ယောက်ကိုတွေ့ရ၏။
သူ့ကြည့်ရသည်မှာ ဩဇာတိက္ကမနှင့် ပြည့်စုံလွန်းလှသည်။"ဦးလေးထွန်း စောင့်ရတာကြာသွားလားဗျ.."
မင်းရိပ်သည် စကားသွေးချိုကာ နှုတ်ဆက်လိုက်၏။
"မကြာပါဘူးကွာ စောင့်နေရရင်လည်း ငါအားနေတယ်လို့သာမှတ်လိုက်.."