ဒေါသစိတ်၊ အလိုမကျစိတ်တွေဟာ မီးတောင်တစ်ခုပေါက်ကွဲကာ ချော်ရည်ပူပူတွေ ကျဆင်းလာသလို တပွက်ပွက်တောက်လောင်နေ၏။ ဒေါသဖြစ်နေတာလား? စိတ်တိုနေတာလား? ဒါမှမဟုတ် သဝန်တိုနေမိတာလား? မသဲကွဲ... ဘယ်လိုဖြစ်လို့စိတ်ကို ဒီလောက်တောင်မထိန်းချုပ်နိုင်ရတာလဲ... အခုတော့ မင်းနောင် ငါ့ကိုကြောက်နေပြီ...
သူ့ရှေ့တွင် ကြည်လဲ့နေသည့်မျက်ဝန်းစုံဖြင့်မော့ကြည့်နေသည့်မင်းနောင်ကို ကြည့်ကာ ကိုယ့်ကိုကိုယ် ပြန်ထိုးပစ်ချင်လာသည်။ သတိလက်လွန်လုပ်လိုက်မိတဲ့အရာတွေက တကယ်ကိုယ့်ကိုကိုယ်ပြန်ထိခိုက်စေပါ့လား...
ဆုပ်ကိုင်ထားသည့်လက်ကို လွှတ်ပေးလိုက်သည်နှင့် မင်းနောင်သည် ချက်ချင်းလက်ကိုရုတ်လိုက်ကာ တင်းကြပ်စွာဆုပ်ကိုင်ခံထားရသောလက်ကောက်ဝတ်ကို အနာပြေပွတ်နေ၏။ ခေါင်းငုံ့ကာ ငိုနေသည်လား ဘာလားမသိ မော့မကြည့်လာတော့။ အချိုးရာထင်နေသည့်မင်းနောင်၏လက်ကောက်ဝတ်ကိုကြည့်ရင်း မင်းရိပ်သည် ကိုယ့်ကိုကိုယ်ပင် သတ်ပစ်ချင်စိတ်ပေါက်နေသည်။ ရင်ဘတ်ထဲမှာလည်း တင်းကြပ်လို့... နာကျင်လို့... ထို့နောက်ငိုချလိုက်လေသည်။
"အရိပ်.. ဘာလို့ငိုနေတာလဲ? ဘာလို့လဲ?"
မင်းနောင်သည် မင်းရိပ်၏မျက်နှာကို လက်နှစ်ဖက်ဖြင့်ကိုင်လိုက်ရင်း ကျလာသည့်မျက်ရည်များကို သုတ်ပစ်ပေးနေသည်။
"ကိုယ်..ကိုယ် တောင်းပန်ပါတယ်... ကိုယ်နောက်တစ်ခါဒီလိုမလုပ်တော့ပါဘူး... ကိုယ်...မင်းကိုနာကျင်အောင်လုပ်ဖို့မရည်ရွယ်ပါဘူးကွာ..."
ပြောလည်းပြောရင်း ငိုလည်းငိုရင်း.... ကလေးကြီးတစ်ယောက်လားဟင်?
မင်းနောင်သည် တခစ်ခစ်ရီမိသွားရသည်။ စောနက ခံစားနေရသည့်ကြောက်စိတ်၊ ဖြစ်ပျက်သွားသည့်မြင်ကွင်းတွေ၊ မင်းရိပ်ဆီကကြောက်စရာကောင်းတဲ့စကားတွေ... အားလုံးကိုမေ့သွားသလိုပင်။ မျက်စိရှေ့မှာ ကိုယ့်ကိုထိခိုက်အောင်လုပ်မိလို့ နာကျင်အောင်လုပ်မိလို့ဆိုပြီး ဝမ်းနည်းနေတဲ့ဒီလူက ဘာတွေများကြောက်ဖို့ကောင်းမှာလဲ..."ဘာမှမဖြစ်ပါဘူး မငိုပါနဲ့တော့ ခင်ဗျားကငိုရင်ရုပ်ဆိုးတယ်နော် အဲ့တာကြောင့် မငိုနဲ့ တိတ်တော့.."