ဘုန်းမြတ်မောင်၏စကားဆို တသွေမသိမ်းနားထောင်တတ်သည့်ဝေယံသည်
ဘုန်းမြတ်မောင်ခိုင်းသည့်အတိုင်းအပေါ်ထပ်တက်သွားခဲ့ပြီး ကိုကိုတက်လာရင်အသင့်စားဖို့ဟူ၍ ကိုယ်တိုင်လုပ်လာသည့်ကိတ်မုန့်ကို ပန်းကန်ထဲလှီးထည့်ထားလိုက်သည်။ စားပွဲပေါ်ရှိ စတော်ဘယ်ရီယိုပြည့်နေသည့် ကိတ်မုန့်တုံးလေးကိုမြင်မိတော့ ဘုန်းမြတ်မောင်ဟူသည့်လူသားက သူ့အတွေးထဲရောက်လာပြန်သည်။မိုးရည်တွေနဲ့အတူ ကိုယ့်ဘဝထဲကိုဝင်ရောက်လာခဲ့တဲ့ သူစိမ်းတစ်ယောက်က ကိုယ့်အဖေထက် ကိုယ့်ကိုပိုဂရုစိုက်ပေး ချစ်ပေးမယ်လို့မထင်ခဲ့မိပေ။
အဖေအမြဲတမ်းပြောဖူးသည့်စကားတစ်ခုရှိသည်။
သူစိမ်းတွေကမကောင်းဘူး... သစ္စာဖောက်တတ်တယ်... ကိုယ့်ကိုအသုံးချသွားတတ်ကြတယ်... သူတို့က ကိုယ် ပိုင်တာမှန်သမျှ လုယူချင်နေကြတဲ့သူ... သူတို့ကိုယ်ကျိုးအတွက် အဖေတို့နားကိုကပ်နေကြတာ...
ထိုကဲ့သို့စကားများက ဝေယံ၏ဦးနှောက်ထဲတွင် ရိုက်သွင်းထားသလိုဖြစ်ခဲ့သည်။သို့သော် ထိုစကားတွေမှားသည်ဆိုသည်ကို သေချာသိခဲ့သည့်အချိန်ကတော့ ကိုယ့်ကိုဘာအကျိုးကျေးဇူးမှမမျှော်ကိုးဘဲ ကာကွယ်ပေးတဲ့သူငယ်ချင်းတစ်ယောက်ရလိုက်သည့်အချိန်ပင်။ ယခုလည်း ဘုန်းမြတ်မောင်ဟူသည့်သူက မိမိဘေးနားတွင် ရှိနေသေးသည်။
ဒီနေ့အပါဆိုရင် ကိုကိုနဲ့အတူနေတာ နှစ်ပတ်ပြည့်ပြီ ကိုကိုကငါ့အပေါ်အမြဲကောင်းတယ် ငါ့ကိုနားလည်ပေးတယ် ငါကတော့ ကိုကို့အပေါ်လျှို့ဝှက်ချက်တွေ ထားမိတယ်... ငါပြောပြလိုက်ရင်ကောင်းမယ်ထင်တယ် ကိုကို့ကို... လျှို့ဝှက်ချက်တွေမထားချင်ဘူး...
"ဝေယံ ဘာတွေတွေးနေတာလဲ"
ဘယ်အချိန်ကတက်လာမှန်းမသိတဲ့ဘုန်းမြတ်မောင်က မိမိ၏မျက်နှာချင်းဆိုင်ထိုင်ခုံတွင်ပင် ဝင်ထိုင်နေလေပြီ။
"ဘာ.. ဘာမှမဟုတ်ပါဘူး"
"ဒါနဲ့ စောနကပြောတာ ဒါက ဝေယံကိုယ်တိုင်လုပ်ထားတာဆို... တကယ်လား??"
"ဟုတ်.."
"မြည်းကြည့်ရအောင်.. ဒါမဲ့ ဒီလောက်ချစ်ဖို့ကောင်းနေတာ ဘယ်လိုလုပ်စားရက်မလဲ"