ဝေလီဝေလင်းချိန်တွင် အခန်းပြတင်းပေါက်နားမှတကျီကျီမြည်တမ်းနေသည့်စာကလေးများက နှိုးစက်တစ်ခုလိုပင်။ မင်းနောင်၏မျက်လုံးဆုံပွင့်လာရသည်။ ဖွင့်ထားသည့်ပြတင်းပေါက်မှ လိုက်ကာစမှာ မနက်ခင်းလေပြေကြောင့် လေထဲတွင်လွင့်မြောနေလေ၏။
အိပ်ရာထဲတွင်ဟိုလှိမ့်ဒီလှိမ့်လုပ်နေမိ၏။ လူတစ်ယောက်တည်းသာနေသည့်အိမ်ဆိုပေမဲ့ ခေါင်းအုံးကနှစ်လုံးဖြစ်နေ၏။ အခန်းထောင့်တွင်ကပ်ထားသော စားပွဲပေါ်ရှိ ရေခွက်မှာလည်း နှစ်ခွက်။ ထိုအရာက မင်းနောင်ကို စဉ်းစားစရာတစ်ခုလိုပင်။ ထို့အပြင် နှာခေါင်းထဲဝင်လာသည့် စံပယ်နံ့သင်းသင်းလေးက အိပ်ရာနိုးကာစလူ၏စိတ်ကိုကြည်နူးစေ၏။
ပြန်တွေးကြည့်မိရင် မင်းရိပ်နှင့်စတွေ့သည့်အချိန်ကတည်းက ရတဲ့စံပယ်နံ့သင်းသင်းလေးက မင်းနောင်ကို ဆွဲဆောင်ခဲ့သည်ဟုပြောရမည်ပင်။ လက်တွေ့မှာ လက်မခံသေးပေမဲ့လို့ မသိစိတ်ထဲမှာတော့ မင်းရိပ်ဆိုသည့်လူကို အကြိမ်ပေါင်းများစွာလက်ခံထားလေသည်။ လက်တွေ့မှာလက်ခံဖို့ခက်ခဲနေသည်ထက် လက်ခံရမှာကိုကြောက်နေမိသည်ကိုပင်။ ဒါပေမဲ့ သူများကိုအကြာကြီးလည်း မစောင့်ခိုင်းစေချင်မိ။ ငြင်းလည်းမငြင်းချင်မိ။ ကုတင်ထဲတွင် ဟိုတွေးဒီတွေးအတွေးနယ်ချဲ့နေရင်း ဟင်းနံ့သင်းသင်းကနှာခေါင်းထဲဝင်လာ၏။ ချက်ချင်း ကုတင်ပေါ်ကထကာ တံခါးဆီသွားပြီး ခေါင်းလေးပြူထွက်ကာချောင်းကြည့်လိုက်သည်။ သို့သော် မင်းရိပ်နှင့် မျက်နှာချင်းဆိုင်ပင်တွေ့လိုက်ရသည်။
"အား!! ခင်..ခင်ဗျား... ဟို.. "
ရုတ်တရက်လန့်သွားသည်ကတစ်ကြောင်း ဘာပြောရမှန်းမသိသည်ကတစ်ကြောင်းကြောင့် စကားမှာ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားရသည်။ ထိုပုံလေးကြောင့် မင်းရိပ်သည် သွားပေါ်အောင်ရီနေတော့သည်။
"ခင်ဗျား ဘာလို့ရီနေတာလဲ? ရီစရာလည်း တစ်စက်မှမပါဘဲနဲ့"
ထိုအမေးစကားကို မင်းရိပ်သည် မင်းနောင်နားကပ်ကာ နှစ်ကိုယ်ကြားရုံပြန်ဖြေလိုက်သည်။
"ချစ်ဖို့ကောင်းလို့လေ..."
မင်းနောင်သည် ချက်ချင်းပင် မျက်နှာကြီးထူပူသွားရသည်။ ရှက်ကိုးရှက်ကန်းဖြင့် မိမိနားကပ်နေသည့် မင်းရိပ်ကိုတွန်းထုတ်ကာ ဟင်းနံ့သင်းနေသည့်အခန်းထဲသို့ ပြေးသွားတော့သည်။ အစခံလိုက်ရသောမင်းနောင်၏ပုံစံကြောင့် မင်းရိပ်သည် ကျေနပ်နေသည့်အပြုံးကြီးပြုံးကာ နောက်မှလိုက်သွားလေသည်။
![](https://img.wattpad.com/cover/344703059-288-k34345.jpg)