သန်းခေါင်ယံအချိန် သည်းထန်စွာရွာနေသည့်မိုး မှာ အမှောင်ထုကိုပိုကြောက်စရာကောင်းအောင် တွန်းအားပေးနေသည့်အလား။
အမှောင်ထုလွမ်းခြုံနေပြီး အလင်းဝင်ရုံမျှအပေါက်ကလေးသေးသေးသာရှိသည့်အခန်းတစ်ခန်း။ အိုဟောင်းနေသောအခန်းနှင့်လည်းတူသယောင်။ အခန်းထောင့်များတွင်ကပ်ညှိုနေသည့်ပင့်ကူမျှင်အလုံးအထွေးမှာ စိတ်ညစ်ညူးစရာကောင်းနေ၏။
ထိုအခန်းထဲမှာမှ ထိုင်ခုံတွင်ချည်နှောင်ခံထားရသည့်လူတစ်ယောက်မှာ ရှပ်အဖြူကိုဝတ်ဆင်ထားသော်လည်း အနီရောင်ပြောင်းနေပြီး အတွင်းခံဘောင်းဘီတစ်ထည်သာဝတ်ဆင်ထားရပြီး တစ်ကိုယ်လုံး ဓားချက်ရာများက ကြောက်စရာအတိ။ သွေးထွက်လွန်၍လားမသိ သတိမေ့သလိုလိုဖြစ်နေလေသည်။
ထိုအချိန်တွင် အပြင်မှတံခါးဖွင့်သံကိုကြားလိုက်သည်။ အားပြုကာမျက်လုံးကိုဖွင့်ပြီး ကြည့်လိုက်သော်လည်း ခေါင်းထောင်မကြည့်နိုင်ပေ။
"ဟိတ်.. မင်းကိုလာကြည့်တာဟေ့"
အသံနှင့်အတူအခန်းထဲသို့ဝင်လာသည့်သူတစ်ယောက်။
"ငါ.. ငါမပြောပြနိုင်ဘူး"
"ဟား..ဟား.. မင်းကိုဘယ်သူက ဘာမေးသေးလို့လဲကွ အိုးမလုံဖင်ပွင့်နေပြန်ပြီ"
ရီသံနှင့်အတူ လှောင်ပြောင်ပြောလိုက်သည့်စကားကြောင့် ထိုင်ခုံတွင်အချည်နှောင်ခံထားရသည့်သူမှာ ဒေါသထွက်သွားရသည်။
"ီးလိုကောင်!!"
"အိုး.. ဒီတစ်ခါတော့အားတော်တော်ပါတာပဲ ဟိုတစ်ခါဆဲတုန်းက အားသိပ်မပါဘူး
ဒီတစ်ခါတော့.. ""တော်တော့"
အနောက်ဘက်မှလူ၏စကားကြောင့် မင်းရိပ်သည် ပြောလက်စ စကားအားဖြတ်လိုက်သည်။
"ထားလိုက်ပါတော့ ဒီနေ့မင်းကိုတွေ့ချင်တဲ့သူကို ခေါ်လာတယ်
မင်းကိုကောင်းကောင်းပြုစုပေးမှာပါ...
ယုံတယ်မှတ်လား"ခေါင်းစိုက်ကျနေသည့်လူ၏နားနားသို့ကပ်ကာ လေတိုးရုံလေးပြောလိုက်သည်။ ထိုသူသည် မိမိဆီလာသည့်သူသည် ဘယ်သူဘယ်ဝါဆိုသည်ကို သိချင်လာသလိုပင်။ ခေါင်းကိုအားစိုက်ကာ မတ်လိုက်လေသည်။