part 4

284 6 0
                                    

        ထနောင်းတစ်ပင်ရွာတွင် အရှေ့ကျောင်းနှင့် အနောက်ကျောင်းဟူ၍ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိသည်။ အလှူ့ဒါယိကာ ကိုအောင်မှာ အနောက်ကျောင်းဘုန်းကြီးနှင့် ဆရာဒကာအရင်းများဖြစ်ကြပြီး ထိုကျောင်းတွင်ပင် ပဉ္ဇင်းတက်ခြင်း ကျွေးမွေးဧည့်ခံခြင်းပြုကြမည်ဖြစ်သည်။ ဘုန်းကြီးကျောင်းက ရွာအနောက်ဘက်မှာရှိပြီး ကိုအောင်၏အိမ်မှာတော့ ရွာတောင်ပိုင်းတွင်ဖြစ်ရာ မာန်သည် ရွာအရှေ့ဘက်မှ မိမိ၏အိမ်သို့ တစ်ခေါက်ပြန်ရန် ခရီးကထောက်လွန်းလှသည်။ ထို့ကြောင့်လည်း နှောင်းသွဲ့ကို ဒေါ်လေးလွမ်းခင်ရှိရာ တစ်ဖက်ရွာသို့ လိုက်ပို့ခဲ့ခြင်းဖြစ်သည်။ နှောင်းသွဲ့လည်း အိမ်မှာ တစ်ယောက်တည်း ပျင်းရိနေစရာမလိုသလို သူလည်း စိတ်မချ ဖြစ်ရတော့မည်မဟုတ်ပေ။

     ကိုမင်းမောင်က သူကြီးမို့ ဟိုလက်ညိုးထိုး ဒီလက်ညိုးညွှန်ဖြင့် အလုပ်ဖြစ်နေသော်လည်း သူကတော့ တွဲဖက်သူကြီးမို့ နေရာအစုံပါရသည်ပင်။ လည်လည်ဝယ်ဝယ်ရှိပြီး လမ်းကြောင်းသိသူဟူ၍ မာန်နှင့် ကိုအောင်သာ ရှိလေရာ မြို့လေးနှင့်ရွာကို အနည်းဆုံး တစ်နေ့နှစ်ခေါက်လောက် အသွားအပြန်လုပ်ပြီး အလှူအတွက် လိုအပ်သမျှ လိုက်ဝယ်ရသည်။

     မြို့မှပြန်အလာ ဖုန်တလိမ်းလိမ်းနှင့် ကျန်ရစ်သောလမ်းကိုကြည့်ရင်း လွမ်းမာန် ငူငိုင်နေမိသည်။ သူရိန်နေမင်းက အနောက်ဘက် တောင်တန်းများအတွင်းသို့ ငုပ်လျှိုးပျောက်ကွယ်သွားချေပြီ။ တလှုပ်လှုပ်ခါယမ်းနေသော လှည်းပေါ်တွင် ထိုင်နေရင်းမှ မနက်က တွေ့ခဲ့သော နှောင်းသွဲ့၏မျက်နှာကလေးက စိတ်ထဲတွင် ပြန်ပေါ်လာသည်။

    "ကိုကိုကြီး"

    နေ့လယ်တစ်ခေါက် လာမကြိုန်ိုင်လောက်ဘူးဟု ပြောလိုက်တော့ ဒေါ်လေးလွမ်းခင်အားတွေ့ရသဖြင့် ‌ပြုံးပျော်နေသော မျက်နှာလေးမှာ သူမဟုတ်သလို ညိုးကျသွားတော့သည်။ ဒီကလေးမနှယ်။ သွားချင်ပြန်တော့လည်းသူပဲ။ အခုကျတော့လည်း မသိရင် လွမ်းမာန်ကပဲ သူ့ကို ဒီမှာ အတင်းလာထားသလိုလို လုပ်နေပြန်သည်။

    သူ့အင်္ကျီအစွန်းအား မဝံ့မရဲ လှမ်းဆွဲလာသည့် လက်က‌လေးကို အသာ လှမ်းဖမ်းကာ ခပ်ဖွဖွ ဖြစ်ညှစ်လိုက်သည်။ နှောင်းသွဲ့မှာ ဖြူအုပြီး ချောမွတ်နေသည့်အသားအရေရှိသည်။ အားနည်းနည်းထည့်ကာ ဖိကိုင်မိလိုက်လျှင်ပင် လက်ချောင်းရာများ ထင်ကျန်နေသည်အထိ နုဖတ်နေသောကြောင့် တော်ရုံဆို သူ့မှာ မထိရက် မကိုင်ရက်ပေ။

ချစ်ရသူကို အပါခေါ်၍Where stories live. Discover now