part 35

72 4 0
                                    

       မီးဖိုပေါ်မှ အိုးကြီးက ဆူပွက်လာသောအခါ ကိုစံပျော်က နောက်ဆုံးပါဝင်ပစ္စည်းအမယ်ဖြစ်သည့် နံနံပင်ကို ခတ်လိုက်၏။ တစ်လျှောက်‌လုံး ဘေးနားတွင်ရပ်ကာ စူးစမ်းနေသည့် သူကြီးကတော်ကိုတော့ ဟင်းရည်ကို ဇွန်းအသန့်တစ်ချောင်းဖြင့် ခပ်ကာ မြည်းစမ်းကြည့်ခိုင်းလိုက်သည်။

      အနားတွင် ကိုကိုကြီးမရှိပါက နှောင်းသွဲ့ကလည်း လိမ်ရလွယ်သည့် ငတုံးသာသာလေး မဟုတ်တော့ပေါ့။ ဇွန်းထဲမှဟင်းရည်ကို အေးသွားစေရန် လေဖြင့်မှုတ်လိုက်ပြီးနောက် ဘယ်လိုအရသာဖြစ်နေမလဲ မြည်းကြည့်လိုက်သည်။

       ကိုစံပျော်က ဟင်းအိုးထဲကို နှောင်းသွဲ့ပင် အမျိုးအစားမခွဲတတ်သော အရွက်တွေအစုံအလင် ပစ်ထည့်လိုက်သည်ကို မြင်ထားသည်။ ရုံးပတေသီးနှင့် ပဲသီးတွေလည်းပါသည်။ ငရုတ်သီးတောင့်တွေကတော့ ဟင်းအိုးထဲမှာ သူတစ်လူ ငါတစ်မင်းဖြင့် ပေါလောမျောပါလို့နေသည်။

      "ဟင်းပေါင်းလိုမျိုးလား။"

      "မတူဘူး၊ သူက ပိုလက်ဆတ်တယ်။"

        ဟင်းပေါင်းက မကုန်သည့်ဟင်းလက်ကျန်တွေကို ပဲ၊ ချဉ်ပေါင်ရွက်တို့ဖြင့် မအီအောင် ပြန်ပြင်ထားသော ဆီများသည့်ဟင်းတစ်ခွက်ဖြစ်ပြီး ဒီဟင်းကတော့ အရည်သောက်နှင့် ပိုတူသည်။ ဟင်းအိုးဆီမှ နံနံပင်အနံ့နှင့်ရောနေသော အချဉ်ရနံ့မွှေးပျံ့လာသောအခါ သိပ်မဝေးသည့်နေရာတွင် ခြင်းတောင်းယက်နေသည့် မုဆိုးအိမ်တန်းမှ လူတွေက ကိုစံပျော်ကို လှမ်းစနောက်ကြတော့၏။

       "ရွှေချဉ်ပေါင်တုံးမှ မောင်ဘုန်းပြန်လာမယ်။" အမြဲချဉ်ပေါင်ဟင်းနှင့် ဘုဉ်းပေးနေရသဖြင့် ချဉ်ပေါင်ဟင်းအပေါ် စိတ်ကုန် ငြီးငွေ့လာသော ဘုန်းကြီး၏စကားဖြစ်သည်။ ချဉ်ပေါင်တွေ မျိုးတုံးမှပဲ ဘုန်းကြီးလည်း ဒီကျောင်းကို ပြန်ကြွလာခဲ့ပါမယ် ဒကာမရယ်ဆိုသည့် အဓိပ္ပါယ်နှင့်ဖြစ်သည်။

      တသောသော ရယ်မောသံတွေနှင့်အတူ ကိုစံပျော်လည်း ဝင်ရယ်လိုက်သေးသည်။ မနေ့ကလည်း ချဉ်ပေါင်နှင့်ဟင်းပေါင်းချက်ကျွေးပြီး တစ်နေ့ကတော့ ငါးလေးအိုးကပ်ကို ချဉ်ပေါင်အရည်သောက်ဖြင့် ကျွေးပြန်သည်။ တ‌မြန်မနေ့ကတော့ ချဉ်ပေါင်ကို ငရုတ်သီးစပ်စပ်နှင့် ခြောက်နေအောင် ကြော်ပေး၏။ တကယ်ကြီး ချဉ်ပေါင်ရွက်ကို မုန်းနေတာမဟုတ်သော်လည်း ချဉ်ပေါင်က ထမင်းစားပွဲပေါ်တက်နေသည်မှာ ရက်အတော်ဆက်နေပြီဖြစ်၍ ဟာသနှောကာ ဟင်းပြောင်းချက်ဖို့ တောင်းဆိုနေကြခြင်းဖြစ်သည်။
   
     "ကြွကြ ကြွကြ ပြီးရင်ဖြင့် အိုးတောင် ဆေးစရာမလိုအောင် ပြောင်နေအောင် စားကြမယ့်ကောင်တွေကများ။"  ကိုစံပျော်ကလည်း ငြိမ်ခံမနေပါ။ သူ့လူတွေအကြောင်း သူအသိဆုံးပင်။

ချစ်ရသူကို အပါခေါ်၍Where stories live. Discover now