part 36

61 2 0
                                    

        နှောင်းသွဲ့ရဲ့အခြေအနေက ကုသလို့ရနိုင်တယ်ဆိုတာကို သိလိုက်ရချိန် လွမ်းမာန်မှာ အလုံးစုံ မပျော်နိုင်သေးပါ။ ဒေါ်ချိုသဲတို့ မြန်မာပြည်အနှံပတ်ပြီးရှာတာတောင် မတွေ့သည့်ဆေးနည်းကို တကယ်ပဲ သူက ရှာတွေ့သွားသည်လား။ အိပ်မက်နီးပါး ပြည့်စုံလွန်းနေ၍ မယုံကြည်နိုင်ဖြစ်နေသည်။

       လက်ထဲရှိ ကျောက်စိမ်းအဝိုင်းပြားလေးကို လက်မဖြင့် ခပ်ဖွဖွ ပွတ်သပ်နေမိရင်း လွမ်းမာန်သည် ဘုန်းကြီးမိန့်သမျှ နားထဲတွင် ပြန်ကြားယောင်လာသည်။ ဒေါ်ချိုသဲက ဒီနေရာအထိ ရောက်လာခဲ့ပြီး ငထွန်း၏ ဦးလေး ကျောင်းထိုင်ဘုန်းကြီးနှင့်လည်း တွေ့ခဲ့ပုံရသည်။ သို့သော် ထိုစဉ်က ရောဂါအကြောင်းကို ကောင်းကောင်းမသိခဲ့သလို ဆေးနည်းကိုလည်း ရှာမတွေ့ခဲ့ကြပါ။

       ကျောင်းထိုင်ဘုန်းကြီးက နှောင်းသွဲ့အတွက် အဆောင်လက်ဖွဲ့တစ်ခု လုပ်ပေးခဲ့သည်။ မကုသနိုင်သေး‌သရွေ့ အရမ်းကြီးလည်း ဆိုးရွားမလာစေရန်ဟူသည့် သဘောနှင့်ဖြစ်သည်။ ကံဆိုးစွာဖြင့် ဒေါ်ချိုသဲက နောက်နေ့တွင် ထိုကျောက်စိမ်းအဆောင်ကို ပြန်လာယူပါရန် မရောက်လာခဲ့ပေ။ ဘဝတစ်ခုက နေ့မြင်ညပျောက်ဖြင့် အဆုံးသတ်သွားခဲ့၏။

      အခုတော့ နှစ်တွေလည်းကြာခဲ့ပြီဖြစ်သလို နှောင်းသွဲ့ လုံးဝပြန်ကျန်းမာလာဖို့ကိုလည်း သူမျှော်လင့်လို့ရနေပြီဖြစ်သည်။ ကျောက်စိမ်းအဆောင်ဟာလည်း ရည်ရွယ်ထားသည့် ပိုင်ရှင်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီဖြစ်သည်။ ဆေးလုံးတွေအတွက်ကတော့ ငထွန်းကို အားကိုးရလိမ့်မည်။ နှောင်းသွဲ့ နေကောင်းလာဖို့က အခုမှ ကကြီးရေးဖို့ ဂငယ်အဆင့်မှာသာ ရှိသေးတယ်ဆိုပေမယ့်လည်း လွမ်းမာန်သည် လူတစ်ကိုယ်လုံး စိတ်လက်ပေါ့ပါးကာ တက်ကြွလို့နေ၏။ ငထွန်းကိုလည်း စိတ်ရင်းနှင့်ပင် ကျေးဇူးတင်လိုက်သေးသည်။

      "မလိုပါဘူး။ သူကြီးနဲ့ကျုပ်အကြား အကြွေးတစ်ခုကျေသွားတာပေါ့။"

      လိုအပ်သည့် ဆေးအမယ်တွေကို ခဏဖတ်ကြည့်ပြီးနောက် စာရွက်အား ထုံးစံအတိုင်း ခါးပုံစထဲ ထိုးထည့်လိုက်ရင်းမှ ငထွန်းက ပြန်ဖြေလာ၏။ အချို့သော ဆေးမြစ်တွေက ရှာရခက်သည်။ လူဖြစ်များသော ရောဂါမဟုတ်သဖြင့် အသုံးနည်းတာကြောင့်လည်း ပါလိမ့်မည်။

ချစ်ရသူကို အပါခေါ်၍Where stories live. Discover now