လွန်ခဲ့သော နှစ်နှစ်က အိပ်မက်ဆိုးများကြောင့် မင်းမောင်သည် ရွာသို့ပြန်လာခဲ့သော်ငြား အိမ်ကိုတော့ မပြန်နိုင်ခဲ့ပေ။ မှိုင်းက သူနောက်ဆုတ်လို့ မရနိုင်တော့သည်အထိ ချောင်ပိတ်ပစ်ခဲ့သည်။ သူတို့သားက ယောက်ျားတစ်ယောက်ပေါ် မရိုးမသာစိတ်များ ရှိနေကြောင်း အဘနှင့်အမေ သိသွားချိန်တွင် ဘယ်လိုမျိုးတုန့်ပြန်ခဲ့သလဲဆိုတာကို မင်းမောင် ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။ ထိုအခိုက်အတန့်၌ သူသည် အလွန်ဆိုးရွားလှသည့် သားမိုက်ပါလားဟု ခံစားခဲ့ရသည်။ ဒီအသက်အရွယ်ပင် ရောက်နေပြီဖြစ်သော်ငြား မိဘနှစ်ပါးကို မျက်နှာပျက်အရှက်ရအောင်လုပ်သည့်နေရာတွင်တော့ ရှားမှရှားသည့် ပြိုင်ဘက်ရှားမင်းမောင်ပင်။
ရွာမျက်နှာဖုံးများဖြစ်ကြသည့် ဦးဘလှိုင်နှင့် ဒေါ်ခင်ညွန့်တို့တွင် ငွေမမ၊ ခင်မမနှင့် မင်းမောင်ဟူ၍ ကလေးသုံးယောက် ထွန်းကားခဲ့သည်။ အငယ်ဆုံးဖြစ်သည့် မင်းမောင်မှာ ဉာဏ်ကောင်းပြီး စာတော်သောကြောင့် မြို့ပေါ်အထိ ကျောင်းသွားတက်နိုင်ခဲ့သောကြောင့် ဦးဘလှိုင်မှာ သားအတွက် အမြဲဂုဏ်ယူကာ ခေါင်းမော့ရင်ကော့ပြီး နေနိုင်ခဲ့သည်။ တစ်နေ့တွင်တော့ သူ့သားက ယောက်ျားတစ်ယောက်ကို တန်းတန်းစွဲဖြစ်နေကြောင်း သိလိုက်ရပြီး ထိုယောက်ျားကလည်း အလွန်မျက်နှာပျက် အရှက်ရရသည်ဟု ခါးခါးသီးသီး ငြင်းဆိုလာသည်သာမက မိဘဖြစ်သည့်သူတို့ကိုပင် စာပို့ကာ ကိုယ့်သားကိုယ် ထိန်းရန်မျှော်လင့်ကြောင်း ဆိုလာသည်။
သားပြန်လာမည်ဆိုသဖြင့် အပျော်လွန်နေသော လင်မယားမှာ မျက်နှာဖြတ်ရိုက်ခံလိုက်ရသည့်နှယ် ပူထူအရှက်ရသွား၏။ အိမ်ပြန်အရောက်တွင် ဒေါသကြောင့် တရှူးရှူးတရှဲရှဲဖြစ်နေသည့် မိဘနှစ်ပါးကို မြင်သော် မှိုင်းက သူ့အပေါ် လုပ်ရက်လိုက်ပြီဖြစ်ကြောင်း မင်းမောင် တန်းသဘောပေါက်သွားသည်။ စာတစ်စောင်နှင့်ပင် သူ့မိဘတွေကို ထိုသို့မုန်တိုင်းထန်သွားစေရန် မှိုင်း ဘယ်လိုအလိမ်အညာတွေ သုံးလိုက်ပါသလဲ သူမသိချင်တော့။ သူ့အရှေ့သို့ အဘပစ်ပေးလာသည့် ထိုစာကိုလည်း မဖတ်ကြည့်ချင်တော့။ သူသိသည်က မှိုင်းနှင့်ဝေးရာ အဝေးဆုံးကိုသာ ထွက်ပြေးသွားချင်တော့သည်။
YOU ARE READING
ချစ်ရသူကို အပါခေါ်၍
Romanceလိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနုယဉ် လွင်မင်းဘိုအောင်+ယုဇန photo credit to the original owner