နှောင်းသွဲ့ရဲ့ ကိုကိုကြီး ခေါ်သံက အတွေးလွန်နေသည့် လွမ်းမာန်ကို လက်တွေ့ဆီ ပြန်ဆွဲခေါ်လာသည်။ ခုံတန်းရှည်ပေါ်ထိုင်ကာ ခြေတံတိုတိုလေးနှစ်ဖက်ကို ဖြည်းဖြည်းမှန်မှန် လှုပ်ရမ်းရင်း စကားဆိုနေသည့်ပုံက ဒေါ်မြနှင်းတို့ နှောင်းသွဲ့ကို သဲသဲလှုပ်ခဲ့သည့် အတိတ်အချိန်များသို့ ပြန်ရောက်သွားသလို ခံစားရစေသည်။
သမီးမိန်းကလေး လိုချင်ခဲ့သည့်မေမေက အရုပ်လေးနှင့်တူသည့် နှောင်းသွဲ့လေးကို တအားချစ်ရှာသည်။ အမြဲ တေမိလုပ်ကာ လေကိုအခွန်ဆောင်ရမှာစိုးသလိုမျိုး စကားချွေတာတတ်သည့် သားဖြစ်သူနှင့်ယှဉ်လျှင် တီတီတာတာနွဲ့ဆိုးဆိုးတတ်သော နှောင်းသွဲ့ကို ပိုအချစ်ပို၏။ စကားလည်းတတ်ပြီး အပြုံးလည်းချိုသည့်နှောင်းသွဲ့က ထိုနှစ်များဆီက ဒေါ်မြနှင်း၏ အချစ်တကာ့အချစ်ဆုံး လူသားလေးဖြစ်ခဲ့သည်ပင်။
လွမ်းမာန်ကတော့ ထိုသွေးနှောကလေးမလေးအပေါ် ဘာထင်မြင်ချက်မှ သိပ်မရှိ။ အသံစာစာနှင့် သာလိကာနှယ် စကားအဆက်မပြတ်ပြောတတ်သည့် မေမေ့အချစ်တော်အသစ်ကလေးဟုသာ မှတ်ထားလိုက်သည်။ ပြဿနာက ထိုသာလိကာလေးက သူ့နောက်ကို တကောက်ကောက် လျှောက်လိုက်ရသည်ကိုကြိုက်ပြီး သူလုပ်သမျှကိုလည်း လိုက်အတုခိုးတတ်သည်။
ငယ်ငယ်ကတည်းက စိတ်မရှည် စိတ်တိုလွယ်သောကြောင့် မေမေက ထိုကလေးမကို ဂါဝန်တစ်ထည်ပြီး တစ်ထည်ဆင်ပေးကာ ဘယ်ဟာနှင့် ပိုလိုက်ဖက်သလဲ လာမေးတိုင်း လွမ်းမာန်မှာ ခေါင်းကိုက်ရသည်။ လွမ်းမာန်နှင့် ရွယ်တူ အတန်းဖော်ကောင်မလေးများဆို ထိုကဲ့သို့ အရောင်တောက်တောက် ဂါဝန်မျိုးအစား အမြင်အေးသည့် မြန်မာဝတ်စုံများကိုသာ ဝတ်ဆင်ကြသည်။
လေးနှစ်အရွယ် နှောင်းသွဲ့သည် အခြားကလေးများထက် အရပ်ပိုရှည်ပြီး ပါးဖောင်းဖောင်း လက်ဖောင်းဖောင်းတုတ်လေးများက ဖြူဖွေးအိစက်နေကာ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ပုံက အလွန်ချစ်စရာကောင်းသည်။ သို့သော် ထိုသို့သော နှောင်းသွဲ့ကို အကောင်းမြင်သည့်လူများထဲ လွမ်းမာန်မပါခဲ့။ သူ့အမြင်တွင် နှောင်းသွဲ့က ငရှုပ်မလေးသာဖြစ်သည်။
YOU ARE READING
ချစ်ရသူကို အပါခေါ်၍
Romanceလိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနုယဉ် လွင်မင်းဘိုအောင်+ယုဇန photo credit to the original owner