အနှီဖြစ်ရပ်အပြီး သုံးရက်ကြာသည်အထိ ကိုသက်ခိုင်ကို ဘယ်မှာမှ ရှာမတွေ့ခဲ့ကြပေ။ တောပုန်းဓားပြများက ရိုက်နှက်ပြီး မြေမြုပ်သွားသဖြင့် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခြင်းဟုသာ ယူဆလိုက်ကြသည်။ တကယ်လည်း ကိုသက်ခိုင်မှာ ဓားပြများ၏လက်အတွင်း ရောက်နေခြင်းဖြစ်သည်။ တောပုန်းဓားပြများက နတ်လူသုံးလောက အေးချမ်းစေရန် ထိုမကောင်းသည့်လူအား ကိုယ်ကျိုးစွန့်၍ အချိုးပြင်ပေးနေကြ၏။
နှောင်းသွဲ့ဒဏ်ရာရသွားသည်ဟူသော သတင်းကြောင့် ဒေါ်လေးလွမ်းခင်မှာ သုံးရက်စလုံး ကိုယ့်အိမ်ကိုပင် မပြန်နိုင်ဘဲ လွမ်းမာန်တို့နှင့် အတူနေလျက် နှောင်းသွဲ့လေးကို ပြုစုပေးရှာသည်။ ပန်းနုယဉ်လည်း သူငယ်ချင်းနှောင်းသွဲ့ကို မကြာခဏလာကြည့်၏။ လာကြည့်တိုင်းလည်း စွတ်ပြုတ် ဆန်ပြုတ် စသဖြင့် အာဟာရဖြစ်စေမည့် အစားအစာများကို ယူလာတတ်သေးသည်။
ကျန်သည့်အချိန်များ၌ နှောင်းသွဲ့နှင့် လက်တစ်ကမ်းအကွာတွင် အမြဲရှိသည့်လွမ်းမာန်မှာ ထိုဧည့်သည်လာလျှင်တော့ အပြင်ထွက်သွားတတ်သည်။ မိန်းကလေးတွေမို့ မကောင်းသတင်းထွက်မည် စိုးသည်ကတစ်ကြောင်း နေရာတကာ ပါလွန်းလှသည့် ပန်းနုယဉ်ကို ကြည့်မသည်ကတစ်ကြောင်းကြောင့်ပင်။ ဒေါ်လေးလွမ်းခင်လည်းရှိပြီး ကိုယ့်အိမ်ကိုယ့်ယာမှာ ထားခဲ့ရသည်မို့ နှောင်းသွဲ့ တစ်ခုခု ထပ်ဖြစ်မည်ကိုတော့ စိုးရိမ်စရာမလိုပေ။
အခုလည်း ပန်းနုယဉ်က ယူလာသည့် ကြက်စွတ်ပြုတ်ချိုင့်လေးကို စားပွဲပေါ်တင်လိုက်ပြီး ဒေါ်လေးလွမ်းခင်က နှောင်းသွဲ့၏ဒဏ်ရာများကို ဆေးလူးပေးသည်ကို ထိုင်ကြည့်နေသည်။ ဆေးလိမ်းရလွယ်ကူစေရန် နှောင်းသွဲ့က အိပ်ရာပေါ်တွင် ခေါင်းစောင်းလျက် မှောက်လျက်လေး ငြိမ်ငြိမ်နေသည်။ အင်္ကျီဖယ်လိုက်သောအခါ ဖြူစွတ်နေသည့် ကျောပြင်ပေါ်၌ ကြောက်ဖို့ကောင်းလောက်အောင် အညိုအမဲစွဲနေသော ဒဏ်ရာဒဏ်ချက်များက နေရာယူထားသည်ကို တွေ့လိုက်ရသဖြင့် ပန်းနုယဉ်မှာ အသက်ပင် အောင့်မိသွားရပြီး နှောင်းသွဲ့ကို သနားမဆုံးဖြစ်နေရှာ၏။
YOU ARE READING
ချစ်ရသူကို အပါခေါ်၍
Romanceလိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနုယဉ် လွင်မင်းဘိုအောင်+ယုဇန photo credit to the original owner