ဟိုခြစ်ဒီခြစ်လျှောက်ခြစ်ထားသလို မှုန်ဝါးဝါးနှင့် ပန်းချီတွေကိုကြည့်ရင်း လွမ်းမာန်မှာ ညသည် ပိုလို့အထီးကျန်စရာကောင်းသလို ခံစားနေရသည်။ ဒီပန်းချီတွေ၏ပိုင်ရှင်ကို သူလုံးဝမသိ။ သို့သော် လွန်ခဲ့သည့်နှစ်တွေထဲက ဒီပန်းချီစာအုပ်လေးတွေသည် သူတို့၏ရုံးထံသို့ စာတိုက်မှတစ်ဆင့် အချိန်မှန်မှန် ရောက်လာတတ်သည်။
အစက ထိုပန်းချီစာအုပ်သည် ဦးယုခင်၏သားဖြစ်သူဆီမှ စာတွေနှင့် ရောပါလာတတ်တာကြောင့် သူ့ဆရာ ဦးကျော်စွာထွဋ်က စိတ်ဝင်တစားရှိလိုက်သေးသည်။ သို့သော် နေရာလွတ်တစ်ခုတွင် ထပ်ခါထပ်ခါပတ်လျှောက်ပြီးနောက် ခြေရာတွေထပ်ကျန်ရစ်သလိုမျိုး ပန်းချီစာအုပ်ထဲမှ ပုံတွေသည်လည်း ပုံတူတွေ ထပ်ထပ်ပါလာသောအခါ ဦးကျော်စွာထွဋ်၏စိတ်ဝင်စားမှုသည်လည်း ပျောက်ကွယ်လို့သွားတော့သည်။ နှစ်တွေချီလာပြီးနောက် ဦးယုခင်၏သားဆီမှ စာသက်သေတွေ တစ်စတစ်စနည်းလာသော်လည်း ထိုရှုပ်ယှက်ယှက်ပန်းချီတွေကတော့ ပုံမှန်ရောက်လာနေဆဲပင်။
မိုးညသိင်္ဂီဆီမှစာကိုပဲ အရင်ဖွင့်ဖတ်ရမလား ထိုပန်းချီတွေကိုပဲဆက်ကြည့်ရမလား တွေးတောနေစဉ် ဦးကျော်စွာထွဋ်က ရောက်ချလာပြီး ပျော်ပွဲရွှင်ပွဲတွေဆီ ခေါ်လို့သွားသည်။ ရာထူးလွှဲပြောင်းခါနီးလေလေ လူမှုပေါင်းသင်းဆက်ဆံရေးကို အလေးပေးဖို့လိုလေလေဟု ထုံးစံအတိုင်း ဦးကျော်စွာထွဋ်တို့ တတွတ်တွတ်ပြောလို့နေသည်။ နားထောင်နေသည့်လူကတော့ သူ့စကားတွေအပေါ် စိတ်ဝင်စားဟန်မပြဘဲ ကားအပြင်ဘက်မှ မီးထိန်ထိန်တို့ကို ငေးမောကာ လွမ်းလွမ်းဆွေးဆွေးဖြစ်လို့နေ၏။
"သွားကြမယ် ငါ့တပည့်ရေ။" ကားပေါ်ကဆင်းသည်နှင့် လှပပြီးထည်ဝါသည့်အိမ်တော်ကို တွေ့ရသည်။ အရာရှိမင်းတွေ မင်းကတော်တွေ တက်ရောက်စုံတွေ့သည့်ပွဲနေရာသည် ဒီလောက်တော့ မြိုင်ဆိုင်တင့်တယ်နေမှ သင့်တော်မည်ဖြစ်သည်။ ပြောင်လက်နေသည့် ကြွေကြမ်းခင်းနှင့် ကော်ဇော်နီဟာ လိုက်ဖက်ညီသည်။ ဝတ်ကောင်းစားလှများ ဆင်ယင်ထားသည့် လူတစ်စုကိုကြည့်ရင်း လွမ်းမာန်မှာ ပိုပြီး အသက်ရှူကြပ်လာရတော့သည်။ ဒီလူတို့သည် ကိုယ်တိုင်၏အကျိုးစီးပွားအတွက် ဟန်ဆောင်ပြုံးချိုသည့်မျက်နှာဖုံးတို့နှင့် ပြောဆိုဆက်ဆံနေကြသည်။
YOU ARE READING
ချစ်ရသူကို အပါခေါ်၍
Romanceလိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနုယဉ် လွင်မင်းဘိုအောင်+ယုဇန photo credit to the original owner