ကိုမင်းမောင်မှာ ငထွန်း၏နောက်ထပ် တစ်ဖက်ခြမ်းကို မြင်လိုက်ရ၍ အံ့အားသင့်နေသည်။ ငထွန်းမှာ အရှေ့ကျောင်းဘုန်းကြီး၏ တူအရင်းခေါက်ခေါက်ဖြစ်သည်။ အရှေ့ကျောင်းဘုန်းကြီးသည် အရင်က ဆေးဆရာတစ်ယောက်ဖြစ်ခဲ့ဖူးကြောင်း အဘပြောတာ သူကြားဖူးသည်။ ထို့ပြင် ရွာထဲကလူများကလည်း ဆေးပင်ဆေးရွက်များနှင့်ပတ်သတ်လျှင် ငထွန်းဆီသို့ လာရောက်မေးမြန်းကြသည်ကိုလည်း သူ ကြုံဖူးသည်။
ထိုစဉ်က ငထွန်းသည် အရှေ့ကျောင်းဘုန်းကြီးဆီမှ သင်ယူထားသဖြင့် တီးမိခေါက်မိရုံလောက် တတ်မြောက်ခြင်းဟု သူထင်ထားခဲ့သည်။ သို့သော် ချွန်ထက်သည့်ဓားသွား၊ အပ်ဖျားတို့ကို လူကယ်ရန် သုံးနိုင်သည်အထိ ကျွမ်းကျင်နေလိမ့်မည်ဟုတော့ မျှော်လင့်မထား။ ဒီနေ့အတွက် အံ့ဩစရာက အတော်လေး ပြောင်မြောက်လှသဖြင့် ဆရာလေးကိုမင်းမောင်မှာ တော်ရုံနှင့် စိတ်နှင့်ကိုယ် ပြန်မကပ်နိုင်ဖြစ်နေသည်။ ထိုအချိန်တွင် ငထွန်းက အကုန်လုံး လုပ်ကိုင်ပြီးစီးသွားပြီး ကိုဘိုအောင်၏ ဒဏ်ရာကို အဝတ်စသန့်သန့်နှင့် ပတ်တီးစည်းပေးနေပြီဖြစ်သည်။
ထုပ်ထားသည့် ပစ္စည်းတွေကို ခါးပုံစထဲ တစ်ခုပြီးတစ်ခု ပြန်ထည့်နေသည့်ငထွန်းအား ကြည့်ရင်း ကိုမင်းမောင်မှာ ရယ်ချင်လာရသည်။ ထောင့်ကျကျမျက်နှာကိုမှ မေးဖျားချွန်ချွန်လေးနှင့်။ ကလေးအဆီလေးတွေ ကျန်နေသေးသည့် မျက်နှာဖောင်းဖောင်းလေးကလည်း ရှိသေးသည်။ တစ်ချို့လူတွေ အာရုံစိုက် အလုပ်လုပ်နေကြချိန် ဖြောင့်မတ်ပြီး တည်ကြည်သည့်ပုံစံမျိုးပေါက်ပေမယ့် ဒီကလေးတော့ ချစ်စရာ ကောင်းနေသည်။ ပုံမှန်အချိန်များတွင် ကိုမင်းမောင်မှာ ငထွန်းကို ချစ်စရာကောင်းသည့်ကလေးဟု အတွေးရောက်ထားမျိုး ရှားသည်။ သကောင့်သားက အမြဲ ဂျစ်ကန်ကန်နှင့် လူဆိုးပုံမပေါက်ပေါက်အောင် နေနေခြင်းကြောင့်လည်း ပါသည်။ တစ်ခါတလေဆို မင်းမောင်မှာ ငထွန်းက သူ့ထက်အငယ်မှန်းပင် မေ့သွားတတ်သေးသည်။
သူ့အား မော့ကြည့်လာသည့် မျက်ဝန်းတို့အပေါ်တွင် ဝါးပင်တွေကြားမှ နေအလင်းအစက်အပြောက်တို့ ထင်ဟပ်နေ၏။ ထိုအချိန်တွင် မင်းမောင်သည် အနှီကောင်လေး၏မျက်ဆံမှာ အခြားလူတွေနှင့်မတူဘဲ တစ်ခုလုံး အညိုရောင်ဖျော့ဖျော့ကလေး ဖြစ်နေကြောင်း သတိထားလိုက်မိသည်။ ရုတ်တရက်ကြီး မင်းမောင်သည် သူ ကိုမာန်နှင့်အတူ အညိုရောင်က လှကြောင်း မလှကြောင်း ဆွေးနွေးငြင်းခုန်ဖူးသည့် ပျင်းရိစရာကောင်းပြီး ကလေးကလားဆန်လှသည့်အချိန်တို့ကို သတိရသွားတော့သည်။ ကိုမာန်ပြောတာ မှန်သည်။ အညိုရောင်က လူကို လက်လှမ်းမှီသလို ခံစားရစေပြီး အစစ်အမှန်ဆန်စွာ လက်တွေ့ကျကျ လှပသည်။
ကိုမင်းမောင်၏လက်က သူ့မြင်ကွင်းအရှေ့သို့ အုပ်မိုးလာချိန်တွင် ငထွန်းသည် အနှီကျောင်းဆရာက သူ့ကို နေရောင်ကာပေးချင်နေသည်ဟု ထင်မှတ်သွား၏။ အကြောစိမ်းစိမ်းတို့ ရေးရေးယှက်နွယ်နေသည့် လက်တစ်ဖက်ကို ငထွန်းလည်း အကျင့်ပါနေကျအတိုင်း အသာတိမ်းကာ ဖယ်ရှောင်လိုက်မိသည်။ ထိုသို့တိမ်းရှောင်မှုကြောင့် ကိုမင်းမောင်လည်း ကြောင်အသွားရပြီး လက်သည်လည်း လေထဲတွင်တန့်နေကာ နှစ်ယောက်ကြားအခြေအနေမှာ အတော်ကိုရို့ကားရားနိုင်သွားသည်။
YOU ARE READING
ချစ်ရသူကို အပါခေါ်၍
Romanceလိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနုယဉ် လွင်မင်းဘိုအောင်+ယုဇန photo credit to the original owner