နောက်ဆုံးမှာတော့ ထိုလူလိမ်သူခိုးသုံးယောက်ကို ကိုသက်ခိုင်တုန်းကလိုမျိုး ဓားပြတွေဆီပို့ပြီး ဖြေရှင်းလိုက်ကြသည်။ အကြည်ကတော့ ဓားပြကို မြို့စောင့်တပ်အဖြစ်သုံးလိုက် အငှားလူသတ်ခိုင်းလိုက် လုပ်နေကြသည့် ရွာသားတွေကြောင့် ခေါင်းပင် ကိုက်ချင်လာသည်။
"ဓာတ်ရှင်မင်းသမီးကြီး"
မမြင်တာကြာပြီဖြစ်သည့် ပန်းနုယဉ်က သူ့သဘောနှင့်သူ အနားကိုရောက်ချလာပြီး ထိုသို့ဆိုလာတော့ အကြည်လည်း ရယ်ချင်စိတ်က ခပ်များများမို့ ပြုံးလိုက်မိသည်။ ပုံမှန်ဆို ပန်းနုယဉ်က သူ့ကိုတွေ့လျှင် ဆားအတို့ခံရသည့် တီကောင်နှယ် တွန့်လိမ်ပြီး ဖယ်ရှောင်နေကျဖြစ်သည်။
"အလို.. ချီးကျူးတာလား အမိက"
"ဟွန့်..မျက်နှာရူး" မကျေမချမ်း နှာမှုတ်လိုက်ပြီးမှ မျက်စောင်းထိုးကာ ဆိုလိုက်၏။ တကယ်ဆို အကြောင်းအရာ အကုန် ဘူးပေါ်သလို မပေါ်လာခင်က မြို့သူတစ်ယောက် လက်အပါလွန်ထားတာကြောင့် ဘေးဖြစ်မည်ကို ပန်းနုယဉ် စိုးရိမ်ခဲ့ရသည်ပင်။ အလုပ်မအားပါဘူးဆိုသည့် အဘကိုပင် မရမက သူကြီးအိမ်သို့ အတင်းလွှတ်ကာ မြို့သူဘက်မှ ဖြောင်းဖျပေးဖို့ မနည်း တောင်းဆိုခဲ့ရသည်မလား။
နေ့လယ်စာပင် မစားနိုင်ဘဲ သရက်ပင်အောက်တွင် တောက်တခေါက်ခေါက်နှင့် ခံပြင်းနေသည့် မြို့သူကို မြင်စဉ်ကဆို သူ့မှာ တကယ်အဟုတ်မှတ်သွားရပြီး စိတ်မကောင်းဖြစ်သွားရသည်။ အဘကောင်းနှင့် အဘမှန်တို့ကိုပင် ရဲရဲဝံ့ဝံ့ မဆုံးဖြတ်ဘဲ ဓားပြလောက်ကို ကြောက်နေသဖြင့် စိတ်ဆိုးစိတ်ခုလိုက်သေးသည်။ နောက်တော့မှ အကုန်လုံးဟာ သက်သေအတွက် ပူးပေါင်းကြံစည်ထားမှုကြီးဖြစ်နေသည်။ ဒီတစ်ခါတော့ မလှိမ့်တပတ်အလုပ်ခံလိုက်ရသဖြင့် ငါးပူတင်းလို ပါးကြီးဖောင်းသည်အထိ စိတ်ဆိုးနေသူမှာ ပန်းနုယဉ်ဖြစ်သွားတော့သည်။
အကြည်ကတော့ မျက်စိရှေ့မှ မြင်ကွင်းကို သဘောကျသဖြင့် ထပ်ပြီး ရန်စကားမဆိုတော့ဘဲ အမျက်တော်ရှနေသည့် သူဌေးသမီး အလိမ္မာလေးကို ဒီတိုင်းသာ ငေးကြည့်နေလိုက်တော့သည်။ လှသည်။ ချောသည်။ နာမည်လိုတော့ မယဉ်။ သို့ပေငြား ထိုအရာကပင် စိတ်ဝင်စားစရာ ကောင်းနေပြန်သည်။
YOU ARE READING
ချစ်ရသူကို အပါခေါ်၍
Romanceလိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနုယဉ် လွင်မင်းဘိုအောင်+ယုဇန photo credit to the original owner