ကလေးလေးလွမ်းမာန်နှင့်ယှဉ်လျှင် အခု သူကြီးလွမ်းမာန်က ပိုပြီးစိတ်ဆတ်သလို ပိုပြီးလည်း ဉာဏ်ပြေးသည်။ အရွယ်ရောက်လာပြီးနောက် အရင်ကထက်တောင် စကားပိုနည်းသွားသေးသည်။ သို့သော် နှောင်းသွဲ့နှင့် ပတ်သတ်သည့် အချို့သော အကျင့်လေးတွေကတော့ မပျောက်မပျက်ရှိနေဆဲပင်။ လိုလိုလားလားနှင့် အလျှော့ပေးတာမျိုး၊ တမင် မခံချင်အောင် စနောက်တာမျိုးတို့လိုဖြစ်သည်။
အခုလည်း မှာထားသလို ထိုင်မနေပါဘဲ သူ့အနောက်တွင်ရပ်ကာ မိုးတိုးမတ်တပ်လုပ်နေပါသည့် နှောင်းသွဲ့၏အရိပ်ကို သူမြင်နေရသည်။ ဘယ်လိုကစားနည်းမျိုး ကစားချင်နေသလဲ မသိပေမယ့် ကိုယ့်ဘက်ကအရင် လက်ဦးမှုယူလိုက်ပြီး နောက်ကျောဘက်ဆီသို့ လှည့်ကာ ဝါးခနဲ လှမ်းခြောက်လိုက်၏။ သို့သော် နှောင်းသွဲ့အစား သူက တုန်လှုပ်သွားရပါသည်။
ငရှုပ်မလေးသည် ရှုပ်ရုံတစ်ခုပဲ သိသည့်ကလေးမလေး မဟုတ်တော့ပါ။ ခေါင်းဆောင်းစရာရသွားမှပဲ လွမ်းမာန်သည် ယခုအချိန်တွင် အပြင်၌ နေက ဘယ်လောက်တောင် ပူပြင်းနေလဲ သတိထားမိသွားတော့သည်။ ငရှုပ်မလေးက ဆော့ချင်တာမဟုတ်ဘဲ သူ နေပူထဲမှာ အလုပ်လုပ်နေတာကို အရိပ်ထဲကနေ ထိုင်မကြည့်နိုင်ခြင်းဖြစ်သည်။
ဒါပေမဲ့ အိမ်မှာ ခမောက်မှရှိမနေပဲ။ ငရှုပ်မလေးက ထုံးစံအတိုင်း ငရှုပ်မလေး ဖြစ်နေဆဲပင်။ ရေအိုးအဖုံးကို ခမောက်အစားထိုးအဖြစ် သုံးသွားသည်။ သူ့မျက်လုံးထဲတွင် ပုံစံဆင်တူနေ၍ဖြစ်မည်။ ပူရင် ဒါကိုဆောင်းရမယ်လို့ သူ့ကို ဘယ်သူပြောသွားသလဲကိုတော့ စဉ်းစားကြည့်ရန်မလို။ နှောင်းသွဲ့က အမြဲ ပတ်ဝန်းကျင်ကို စူးစမ်းနေသည့်ကလေးဖြစ်သည်။ ရွာရှိလူတွေ ခမောက်ဆောင်းတာကို မြင်ဖူးနေ၍ ဖြစ်လိမ့်မည်။
"ဒီနေရာမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေဖို့ မှာထားတယ် မဟုတ်ဘူးလား"ရေအိုးအဖုံးကို ခေါင်းပေါ် ဆောင်းထားလည်း ကိုကိုကြီး၏ပုံစံက သူငယ်နှပ်စားကလေးကလားနှင့် တူမသွားပါ။ တကယ်ဆို နှောင်းသွဲ့က ခွေးချစ်တယ်ပြောသည့် ကိုကိုကြီးကို စိတ်ကောက်နေဆဲဖြစ်သည်။ စကားနှင့် ပြန်ပြောဖို့ကလည်း အားကုန်နေသလို ခံစားရသည်။ သို့နှင့် နှောင်းသွဲ့တစ်ယောက် ခုနက ဆော့နေသည့် သစ်ကိုင်းခြောက်ကိုယူကာ သူ့လက်ကိုသူ သုံးခါရိုက်ပစ်လိုက်သည်မှာ မြန်ဆန်လွန်း၍ လွမ်းမာန်လည်း တားဖို့ မမီလိုက်။ ခြေသုံးလှမ်းထဲနှင့် သူ ကိုကိုကြီးဆီ ရောက်အောင်သွားလိုက်တာကြောင့် သုံးချက် အရိုက်ခံရမည်။
YOU ARE READING
ချစ်ရသူကို အပါခေါ်၍
Romanceလိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနုယဉ် လွင်မင်းဘိုအောင်+ယုဇန photo credit to the original owner