သူတို့၏အိမ်လေးထဲတွင် ကိုကိုကြီး၏အမေ ဒေါ်မြနှင်းမှုန်ကို တွေ့လိုက်ရခြင်းက နှောင်းသွဲ့၏ခြေလှမ်းသွက်သွက်ကလေးတွေကို တုန့်ဆိုင်းသွားစေသည်။ ကလေးမလေးသည် သူမ သောက်ခဲ့သည့် ကော်ဖီအရသာအကြောင်း သူ့ကိုကိုကြီးကို ပြောပြဖို့ အပြေးလာခဲ့တာဖြစ်သော်လည်း အိမ်တွင် အခြားသောသူများ ရှိနေခဲ့သည်။
ချက်ချင်းကြီး ငိုင်ကျသွားသော နှောင်းသွဲ့ကို ဦးဆုံးသတိထားမိသူကတော့ ဦးကျော်စွာထွဋ်ပင်။ သူသည် တစ်ကိုယ်တည်းသမား လူရိုးလူဖြောင့်ဖြစ်ပြီး သူ့ဘဝတွင် အမှန်တရားကသာ အရေးကြီးဆုံးဖြစ်သည်။ အခုလို ငယ်ရွယ်သည့်မိန်းမငယ်လေးတစ်ဦးအတွက် လွမ်းမာန်၏စွန့်လွှတ်ခြင်းတွေဟာ ထိုက်တန်ပါရဲ့လားလို့ ဝေဖန်ချင်သည်။ သို့တိုင်အောင် လူတိုင်းတွင် မတူညီကွဲပြားသည့်အကြိုက်စရိုက်မျိုးရှိကြလေရာ သူတတ်နိုင်တာ များများစားစားမရှိပါ။ အနည်းဆုံးတော့ ဒီကလေးမလေးက လွမ်းမာန်အပေါ် ပြဿနာမပေးသည်ကိုပဲ ကြံဖန်ကျေးဇူးတင်ရမည့်ပုံပင်။ သူ့ရဲ့နောက်တပည့်တစ်ယောက်ဆိုလျှင် ငရဲအိုးဇောက်ထိုးဆင်းရမည့်လူကိုမှ ဖက်တွယ်ထားပြီး လက်မလွှတ်နိုင်ဖြစ်နေသည်မလား။
ဦးကျော်စွာထွဋ်ဆီက သက်ပြင်းချသံကြောင့် လွမ်းမာန်လည်း အိမ်တံခါးမနားမှာ ကြောင်တောင်တောင်လေးရပ်နေသည့် နှောင်းသွဲ့ကို မော့ကြည့်မိတော့သည်။ သူ့၏ ငရှုပ်မလေး ပြန်လာချေပြီ။ အထုပ်အပိုးတွေပြင်နေသော လွမ်းမာန်ကြောင့် နှောင်းသွဲ့တစ်ယောက် ဇဝေဇဝါဖြစ်သွားပြီး ကျောက်ဆစ်ရုပ်လေးလို မလှုပ်မယှက် တောင့်တောင့်ကြီးဖြစ်နေတော့သည်။ ဘာစကားမှမပြောလာသည့် နှောင်းသွဲ့ကြောင့် လွမ်းမာန်သည်လည်း စိတ်ထဲမှနေ၍ ဘုရားတမိသွားတော့သည်။ ဘုရားတရားမလို့ အခုလိုအခြေအနေမျိုးမှာ နှောင်းသွဲ့ရဲ့ရောဂါ ထမဖောက်လာပါစေနဲ့။ မဟုတ်ရင် အခြေအနေက ပိုရှုပ်ကုန်လိမ့်မည်။
သက်မဲ့အရုပ်လေးလိုမျိုး မတ်တပ်ရပ်ရင်း တုပ်တုပ်မလှုပ်သူကို လွမ်းမာန်ကပဲ လက်ဦးမှုယူကာ အပေါ်ထပ်သို့ ဆွဲခေါ်သွားလိုက်တော့သည်။ နှောင်းသွဲ့က သူ့ကိုကိုကြီး ခေါ်ရာနောက် အသာတကြည်လိုက်ပါလာ၏။ အပေါ်ထပ်တွင်လည်း ခြေချစရာမရှိအောင် ပစ္စည်းများ ပြန့်ကျဲလို့နေ၏။ အခြေအနေက နှောင်းသွဲ့အတွက်တော့ သူမ၏ခန့်မှန်းချက်မှန်ကန်ကြောင်း သက်သေခံပေးနေသလိုပါပင်။ မကြာခင် ဒီနေရာကို နှုတ်ဆက်တော့မည့်လူရှိနေလေပြီ။
YOU ARE READING
ချစ်ရသူကို အပါခေါ်၍
Romanceလိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနုယဉ် လွင်မင်းဘိုအောင်+ယုဇန photo credit to the original owner