"ဒီတစ်ခေါက်ရော ဘာတွေအကြောင်းပြပြန်ပြီလဲ။" မိုးညသိင်္ဂီဆီမှ စာအကြောင်း စကားစပ်မိတော့ ဦးကျော်စွာထွဋ်က အခုလို တုန့်ပြန်လာသည်။ အဲ့သားရဲတွင်းကို ချန်ထားရစ်ပြီး ကိုယ့်နေရာကိုယ် ပြန်လာခဲ့ဖို့မှာနေသည်မှာ ဟိုးဘိုးတော်ဘုရား လေးဘက်ကုန်းတွားသွားတဲ့ အရွယ်ကတည်းကဖြစ်သည်။ အခုထိ သူက ပြန်မလာဘဲ မိုက်လုံးကြီးလို့ကောင်းနေတုန်း။ ခွေးမြီးကောက်ကို ကျည်တောက်စွပ်နေတုန်း ခဏသာ ဖြောင့်လိမ့်မည်။ ကျည်တောက်ဖယ်လိုက်သည်နှင့် နဂိုအတိုင်း ကောက်မြဲကောက်ဆဲဖြစ်နေဦးမှာပင်။ မွေးရာပါဗီဇကိုက အတွင်းကောက်ဖြစ်နေသည့် လူဆိုးလူယုတ်မာတစ်ယောက်ဆီကနေ အဲ့ကောင်မလေး ဘာတွေများ မျှော်လင့်နေသလဲ တကယ်နားမလည်နိုင်ပေ။
အစကတော့ မိုးညသိင်္ဂီတစ်ယောက် ပြန်လာဖို့ ငြင်းဆန်ရခြင်းမှာ သူမ၏တာဝန် မပြီးပြတ်မအောင်မြင်မချင်း လက်မလျှော့တတ်သည့် အကျင့်စရိုက်ကြောင့်ဟု ထင်နေခဲ့တာဖြစ်သည်။ သူတို့လိုက်နေသည့် ရာဇဝတ်ကောင်အပေါ်တွင် သံယောဇဉ်လိုလို မေတ္တာလိုလို ခေါင်းစဉ်တပ်မရသည့်ခံစားချက်တွေ ရှိနေသောကြောင့်ဟု သိလိုက်ရချိန်တွင် ဦးကျော်စွာထွဋ်တို့ ပေါက်ကွဲတော့သည်။ မစားနိုင်မသောက်နိုင်ဖြစ်သည်အထိ စိတ်ဆိုးဒေါသထွက်နေသည်မှာ ကိုခန့်ဦးတစ်ယောက် အမှားကျူးလွန်မိစဉ်ကနှင့် သိပ်မခြားပေ။ သွေးကျဆေးကိုပင် လက်ထဲမှ မချရဲသည်အထိ စိတ်ထောင်းကိုယ်ကြေဖြစ်သွားတာပင်။ နောက်ပိုင်းမှသာ သူတို့ကိုယ်တိုင်ရဲ့ကံကြမ္မာပေါ့လေဆိုပြီး ဖြေသိမ့်နိုင်သွားတာဖြစ်သည်။
"လူကယ်ထုတ်ဖို့လို့တော့ စာထဲမှာ ရေးထားတာပဲ၊ အသေးစိတ်တော့ ပြောမထားဘူး။" လွမ်းမာန်ကတော့ မိုးညနှင့်သူသည် လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးသာရှိတာကြောင့် သူမ၏ကိုယ်ရေးကိုယ်တာခံစားချက်များအပေါ် ဝေဖန်ခြင်းလည်းမပြုသလို စပ်စုခြင်းလည်းမပြု။ သူ အခုအာရုံစိုက်နေသည်က မိုးညကယ်ထုတ်ချင်သည်ဆိုသည့် လူတစ်ယောက်အကြောင်းပင်။ စာထဲမှာ ရေးထားပုံအရဆိုလျှင် ထိုလူ၏ အခြေအနေက ဘယ်လိုမှ ကောင်းနိုင်စရာမရှိ။ မိုးညတစ်ယောက်တည်း၏ အင်အားနှင့် ထိုလူကို လွတ်မြောက်အောင် ကယ်တင်နိုင်ဖို့ ခဲယဉ်းလိမ့်မည်။
YOU ARE READING
ချစ်ရသူကို အပါခေါ်၍
Romanceလိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနုယဉ် လွင်မင်းဘိုအောင်+ယုဇန photo credit to the original owner