ရှစ်အောင်၏သေဆုံးမှုက လူနှစ်ယောက်အတွက်တော့ အခုထိ မနိုးထနိုင်သေးသော အိပ်မက်ဆိုး၊ ရင်ဆိုင်ရန်ခက်ခဲသည့် အမှန်တရားဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ မိုးတွေညိုကာ ရွာမည်တကဲကဲနှင့် သဲဟန်ပြင်နေချိန်မျိုးတွင် ပိုလို့ဆိုးလှပါသည်။
ယုဇနသည် အိမ်အောက်ထပ်၌ ဖြန့်ခင်းထားသည့် ရောင်းကုန်များကို မိုးမစိုစေရန် ခပ်သွက်သွက် အိမ်ထဲသို့သွင်းသည်။ ထိုစဉ် ရင်းနှီးနေသည့် အကြည့်မျိုး နောက်ကျောဘက်ဆီမှ ခံစားမိ၍ အမြန်လှည့်ကြည့်ပါသော်လည်း ဘာအရိပ်အယောင်ကိုမှ မဖမ်းဆုပ်မိ။ ထပ်ပြီး ထင်ယောင်ထင်မှားနှင့် မသိစိတ်က လှည့်စားနေခြင်း ဖြစ်မည်။ ဥပမာ သူမျှော်နေပါသည့် တစ်စုံတစ်ယောက်က သူ့အနီးအနားတွင်ပဲ ရှိနေသလို ခံစားမိတာမျိုး။
ကံကောင်းစွာဖြင့် မိုးသီးမိုးပေါက်တို့ အငြိုးကြီးစွာဖြင့် ဝုန်းဒိုင်းကျမလာခင် ယုဇနမှာ အကုန်လုံးကို သိမ်းဆည်းလို့ပြီးသွားသည်။ အလုပ်ရှုပ်နေစဉ်က မသိသာပေမဲ့ ယခုကဲ့သို့ တစ်ယောက်တည်း အားလပ်ကာ အတွေးနယ်ချဲ့ဖို့ အချိန်လုံလုံလောက်ရှိနေချိန်များတွင် ယုဇနသည် မိုးရာသီက သူ့ကို တမင်ညှင်းကာ နှိပ်စက်နေသည်ဟု မတွေးမိဘဲ မနေနိုင်တော့ပါ။
တစ်ဆက်တည်းမှာ ရှောင်ပြေးသွားသူကို သတိရသည်။ ထို့နောက် မိုးညက သူ့ဘဝကို ဘယ်လို တစ်ဆစ်တစ်ချိုး ချိုးကွေ့သွားစေသလဲ ပြန်မြင်ယောင်သည်။ ရှစ်အောင်လေး၏ မျက်နှာသေးသေးလေးကလည်း အာရုံမှာ ထင်ဟပ်လာသည်။ ထိုကလေးသည် အလွန်တက်ကြွပြီး ချစ်စရာကောင်းလွန်သည်။ အကယ်၍များသာ အခုချိန်အထိ အသက်ရှင်နေသေးလျှင် ငထွန်းအရွယ်လောက်တော့ ရှိနေလောက်မည်။
အဖြစ်မှန်တွေ သိသွားချိန်တွင် သော်ကရော ဘယ်လိုခံစားရမလဲ သူမသိ။ သော်ကဆိုသည်မှာ လူပုံကလည်း သေးသေးသွယ်သွယ်နှင့်မို့ လောကဓံက ထိုကဲ့သို့ ရိုက်ချလိုက်သောအခါ သူအနေနှင့်လည်း လွင့်စဉ်ထွက်သွားရုံသာရှိမည်မို့ သော်ကအပေါ် သူအပြစ်မတင်ပါ။ သော်ကနှင့်သူကြားတွင် မည်သည့်အငြိုးအတေးမှ မရှိတာကြောင့်လည်းပါသည်။ သူ့မှာ အပြစ်မရှိသည့် နောက်တစ်ယောက်ကို လွယ်လွယ်မနာကြည်းနိုင်ခဲ့။
YOU ARE READING
ချစ်ရသူကို အပါခေါ်၍
Romanceလိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနုယဉ် လွင်မင်းဘိုအောင်+ယုဇန photo credit to the original owner