လက်ထောက်လေးက ထိုကပြားမိန်းကလေးကို နောက်တစ်ကြိမ်ပြန်တွေ့ရချိန်တွင် သူသည် သူတို့မြို့အုပ်လောင်း၏ လက်ထပ်စာချုပ် လက်မှတ်ရေးထိုးရာတွင် အသိသက်သေလုပ်ပေးချိန်၌ ဖြစ်သည်။ သတို့သမီးနေရာကတော့ နှောင်းသွဲ့ဆိုသည့် ထိုမိန်းကလေးဖြစ်သည်။ လက်ထောက်လေးသည် မြန်ဆန်လွန်းလှသည့် အဖြစ်အပျက်တွေကြောင့် အံ့ဩလို့နေခဲ့သည်။ သူ့ခန့်မှန်းချက်တွေမှန်ကန်သဖြင့် ဂုဏ်ယူသင့်သည်။ သို့သော် တစ်ချိန်တည်းမှာပဲ မကောင်းတာတစ်ခုခု ဖြစ်ပျက်တော့မလို ရင်ထိတ်နေမိပြန်သည်။
နှစ်ပတ်ရှည်ကြာသည့်ခရီးက လွမ်းမာန်ကို ကိစ္စအတော်များများ လွတ်သွားစေခဲ့သည်။ သူပြန်ရောက်ချိန်တွင် နှောင်းသွဲ့က ဒေါ်သီရိယုယ၏စံအိမ်၌ မရှိတော့ပါ။ ထိုအစား သူ့အိမ်တွင် ရောက်နှင့်နေခဲ့သည်။ အမေက နှစ်ပတ်လုံးလုံး သူ့ဆီ စာမပို့သလို သူ့စာတွေကိုလည်းစာမပြန်ခဲ့ပေ။ သို့ဖြစ်ရာ နှောင်းသွဲ့အကြောင်းကို သူ ဘယ်သူ့ဆီမှ မကြားခဲ့ရပေ။ အခုတစ်ခေါက်ခရီးက ထိုက်တန်သည့်အကျိုးရလဒ်ထွက်လာလို့သာ တော်သေးတော့သည်။ သူ့တွင် ဦးမြင့်မိုရ်ဟန်ရှိန်၌ အပြစ်ရှိကြောင်း လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သက်သေအထပ်လိုက် ရှိနေပြီဖြစ်သည်။
သို့တိုင်အောင် ချက်ချင်းဖမ်းဆီး အပြစ်ပေးဖို့ကတော့ ကြာလိမ့်မည်။ ဦးမြင့်မိုရ်ဟန်ရှိန်၏ နောက်ခံနှင့် ဩဇာအာဏာသက်ရောက်မှုက နေ့ချင်းညချင်း ပြိုကွဲပျက်စီးသွားမှာမျိုး မဟုတ်ပေ။ ဒါ့ကြောင့်ပင် လွမ်းမာန်က နှောင်းသွဲ့ကို ဒီမြို့မှာ ဆက်ထားဖို့ စိတ်မချတော့ခြင်းဖြစ်သည်။
သူ့တွင် သက်သေအလုံးစုံရှိနေပြီမှန်း ဆရာဖြစ်သူ ဦးကျော်စွာထွဋ်သာ သိသွားလျှင် ဦးမြင့်မိုရ်ဟန်ရှိန်ကို ဦးချိုးပစ်မည့်ကိစ္စအား အမြန်အကောင်အထည်ဖော်လိမ့်မည်။ အတိတ်မှအပြစ်တွေအတွက် ဦးမြင့်မိုရ်ဟန်ရှိန်၏နောက်ခံနှင့် အာဏာက အလွယ်တကူကျော်ချပြီး ဖြေရှင်းချက်ထုတ်သွားလိမ့်မည်ဖြစ်သည်။ နစ်နာသူတွေကလည်း အခုအချိန်ကျမှ အသံထွက်ရဲကြမှာမဟုတ်။ ထိုအကွက်တွေကို ကျော်နိုင်ဖို့အတွက် အတိတ်မှပြစ်မှုတွေအား တစ်ဖန်အသက်သွင်းရန် လိုအပ်လာလိမ့်မည်။ လက်ရှ်ိတွင် သော်ကအမည်နှင့်လူရွယ်က ပျောက်ဆုံးလို့နေပြီး ဦးမြင့်မိုရ်ဟန်ရှိန်၏မကောင်းမှုတွေကို ဖော်ထုတ်ပေးဖို့ အကူအညီဖြစ်မနေပေ။ သူ့ဆရာကို လွမ်းမာန်နားလည်ထားသလောက်သာဆိုလျှင် မျက်စိရှေ့တွင်ရှိနေသည့် နှောင်းသွဲ့ကို အသုံးချဖို့ စီစဉ်လိမ့်မည်မှာ မလွဲမသွေပင်။ နှောင်းသွဲ့က ဦးမြင့်မိုရ်ဟန်ရှိန်၏ မကောင်းသည့်အတွင်းစိတ်ရိုင်းကို နှိုးဆော်နိုင်မည့် သက်ရှိနယ်ရုပ်ကလေးဖြစ်လို့နေသည်။
YOU ARE READING
ချစ်ရသူကို အပါခေါ်၍
Romanceလိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနုယဉ် လွင်မင်းဘိုအောင်+ယုဇန photo credit to the original owner