part 20

120 5 0
                                    

     နှောင်းသွဲ့တို့ အခုတလောတွင် သင်ယူစရာတွေ အရမ်းများနေသည်။ တတ်မြောက်ပြီး လက်တွေ့အသုံးချလာနိုင်သည်များလည်း ရှိသည်။ ဥပမာဆိုရသော် ဘုရားပန်းအိုးထိုးခြင်း။ ကြီးခင်ညွန့်နှင့် ကြီးကြီးလွမ်းခင်တို့၏ လွှမ်းမိုးမှုကြောင့် နှောင်းသွဲ့က အခုတလော အိမ်လည်ရသည်ထက် ထိုကဲ့သို့ အသေးအမွှား လုပ်စရာလေးများဖြင့် အိမ်ကပ်နေ၏။

     အကြည်က မနက်က စံပယ်ပန်းတွေ ဇကာတစ်လုံးအပြည့် လာပေးသွားသည်။ နှောင်းသွဲ့က ကြိမ်ခုံပေါ်တွင် ကျကျနနထိုင်ရင်း ဖွာနေသော အပ်ချည်အစွန်းအား လက်မနှင့် လက်ညိုးကိုသုံးကာ ဖိပွတ်ဆွဲလိုက်သည်။ ထိုသို့လုပ်လိုက်ခြင်းဖြင့် အပ်ချည်တွေမဖွာတော့ဘဲ အပ်ပေါက်ထဲသို့ မဝင်မှာကို ပူစရာလိုတော့ပေ။

     ထို့နောက် အပ်ကို ကိုင်ထားရင်း အလင်းရောင်ရှိသည့်ဘက်ကိုရွှေ့ကာ မျက်လုံးမှေးကြည့်နေ၏။ အပ်ပေါက် မမြင်ရလို့ထက် ကြီးခင်ညွန့်လုပ်ပြသည့်အတိုင်း တသဝေမတိမ်းလိုက်လုပ်နေခြင်းသာ ဖြစ်သည်။ လူကြီးမို့ မှုန်နေသည့် မျက်လုံးများကြောင့် အပ်ပေါက်ရှာမတွေ့တာမျိုး ဖြစ်တတ်သည်။

    နောက်တစ်ဆင့်အနေနှင့် အပ်ချည်ကို အပ်ပေါက်အတွင်း ထည့်လိုက်နိုင်လျှင် အပ်ချည်ထိုးခြင်း အောင်မြင်သွားပြီဖြစ်သည်။ နှောင်းသွဲ့တို့ ဘယ်လောက်တောင် အာရုံစိုက်နေသလဲမသိ။ အပ်‌ချည်က အပ်ပေါက်အတွင်း မဝင်သွားမချင်း ခြေထောက်လည်း မလှုပ်ရဲသလို လွဲသွားမည်စိုး၍ အသက်ရှူကိုပင် အောင့်ထားလိုက်သည်။ အပ်ပေါက်နောက်တစ်ဖက်မှ ထွက်လာသော အပ်ချည်ကို ဆွဲယူလိုက်ပြီးကာမှ အသက်ကို ဖြောင့်ဖြောင့်ပြန်ရှူရဲသည်။
 
     လွမ်းမာန်ကတော့ ထိုမြင်ကွင်းကို ရေနွေးကြမ်းတစ်ခွက် သောက်ရင်း အစအဆုံး ထိုင်ကြည့်နေသည်။ ငရှုပ်မလေးလုပ်သမျှသည် သူ ဖန်တရာတေအောင် မြင်ဖူးနေသည့် ရိုးရိုးအပ်ချည်ထိုးခြင်းဆိုလျှင်တောင် ထိုင်ကြည့်နေဖို့ ထိုက်တန်သည်။

     လက်တလော နှောင်းသွဲ့၏ကစားစရာအသစ်မှာ အပ်နှင့်အပ်ချည်ဖြစ်နေသည်မို့ လွမ်းမာန်မှာ လွှတ်မထားရဲပေ။ မတော်တဆ လက်ကိုလည်းစူးသွားနိုင်သည်။ ကျပျောက်သွားပြီး ပြန်ရှာမတွေ့လျှင်လည်း အမြဲဖိနပ်စီးဖို့ မေ့ပြီး ခြေဗလာနှင့်နေတတ်သူက နှောင်းသွဲ့မို့ ခြေဖဝါးတွေ အပ်ထိုးမိနိုင်သေးသည်။

ချစ်ရသူကို အပါခေါ်၍Where stories live. Discover now