part 56

132 2 0
                                    

    "ကိုကိုရော နောင်တရလား။" ထိုတဒင်္ဂတွင် ဦးမြင့်မိုရ်ဟန်ရှိန်သည် မိုးည၏အနောက်ဘက်ရှိ လေဟာပြင်ကိုကြည့်ရင်း ရုတ်ခြည်း အသက်မရှူနိုင်ဖြစ်လာကာ ရင်ဘတ်ထဲတွင် တင်းကြပ်စူးရှလာတော့သည်။ နောက်တစ်စက္ကန့်အတွင်းမှာ မိုးညဘာဖြစ်သွားနိုင်လဲကိုပါ မြင်ယောင်လာကာ သူနှင့်မရင်းနှီး စိမ်းသက်သည့်အကြောက်တရားက သူ့ဦးနှောက်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။

     ရေတံခွန်ကနေ ရေစီးကျသံတွေကြောင့် မိုးညပြောသမျှကို သူ သေချာမကြားရပေ။ သို့သော် ဒီကောင်မလေး၏မျက်လုံးအကြည့်နှင့် အမူအရာတွေကတစ်ဆင့် သူမ ထပ်ပြီး မိုက်ရူးရဲဆန်သည့်အရာတွေကို လုပ်တော့မည်မှန်း ဦးမြင့်မိုရ်ဟန်ရှိန် အလိုလိုနားလည်လိုက်သည်။ သူ့အတွက် ကိုင်တွယ်ရခက်သည့်အခြေအနေဆိုတာမျိုးက ကြုံတောင့်ကြုံခဲဖြစ်ရပ်ပင်။ ချွင်းချက်အနေနှင့် သူကိုယ်တိုင် မြှောက်စားထားသည့် မိုးညဆိုသည့်မိန်းကလေးနှင့်ပတ်သတ်လာလျှင်တော့ အမြဲတမ်း လက်မြှောက်ရကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်ရသည်။

     ဖြစ်သလိုစည်းနှောင်ထားသည့် မိုးည၏ခြေတစ်‌ဖက်က အခုချက်ချင်းမှ မကုသရင် မျှော်လင့်ချက်မရှိတော့ပေ။ လက်ရှ်ိတွင်ရေတံခွန်ထိပ်၌ ကူကယ်ရာမဲ့စွာ တစ်ယောက်တည်းရပ်နေသည့် မိုးညက သူမနှင့်အတူပါသွားသည့် ကလေးသာသာအရွယ်လေးဆီကနေ လှည့်စားခံရကာ နောက်ပြန်လှည့်မရသည်အထိ တွန်းပို့ခံလိုက်ရပုံပေါ်သည်။ အ'လွန်းသည်။ နုံလွန်းသည်။ အရင်ကဆို မိုးညကို သူလျှိုအဖြစ်နှင့် သူ့ဆီလွှတ်လိုက်ခြင်းက သူ့ကိုစော်ကားခြင်းတစ်မျိုးပဲလားဟုတောင် တွေးခဲ့မိသေးသည်။ နောက်ပိုင်းတွင်တော့ တဖြည်းဖြည်းနှင့် သူသည် မျက်လုံးအရောင်ကြည်ကြည် လူကောင်ညက်ညက်မိန်းကလေးက သူ့ကို ဘယ်လိုမျိုးပိရိအောင် လိမ်မလဲ စိတ်ဝင်စားလာခဲ့သည်။ နိဂုံးချုပ်ရသော် သူ အခုလိုအခြေအနေအထိ ရောက်လာရခြင်းမှာ ရန်သူကို အထင်သေးမိလို့လည်း ဖြစ်နိုင်လောက်သည်။

     သူက အရူးမဟုတ်ပေ။ ဆင်ခြင်စဉ်းစားတတ်သည့် အသိဉာဏ်ရှိသည်။ မိုးညက သူ့ကို ကိုယ်လွတ်ရုန်းကာ ထွက်ပြေးစေချင်ခဲ့သည်။ ပြီးလျှင် ကောင်းမွန်လုံခြုံသည့်နေရာတွင် ဘဝအသစ်စဖို့ တိုက်တွန်းခဲ့သည်။ သို့သော် သူကတော့ ထွက်ပြေးဖို့ မရွေးချယ်ခဲ့။ သူ‌ လွတ်မြောက်သွားခဲ့လျှင် ထို့အတွက် အပြစ်ကို မိုးညက ပေးဆပ်ရလိမ့်မည်။ ထို့အပြင် သူ့မာနကလည်း နောက်ပြန်ဆုတ်ဖို့ ခွင့်မပြုပေ။ အပြိုင်တွန်းအားနှစ်ခုကြားတွင် မိုးညက သူမဘာသာသူမ အဖြေရှာခဲ့ပုံပေါ်သည်။ သူမက သူ့ကို တောအုပ်ထဲမျှားခေါ်လာပြီး ဦးကျော်စွာထွဋ်၏လက်ကနေ လွတ်မြောက်အောင် ကူညီချင်တာဖြစ်သည်။ မိုးည မှားသွားသည့်တစ်ချက်ကတော့ သူ့ကိုမျှားခေါ်ဖို့ ဟိုမိန်းကလေးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင် ခြေထောက်တစ်ဖက်ထိခိုက်ထားပြီး သွေးရူးသွေးတန်းဖြစ်နေသည့်မိုးညကို သူ ဘယ်လောက်ပဲအသည်းမာပါစေ မလိုက်ရှာဘဲတော့နေမည်မဟုတ်ချေ။ သူတို့နှစ်‌ယောက်ကြားရှိ နားလည်ယုံကြည်မှုက အားနည်းလွန်းသောကြောင့်သာ မိုးညက အခုလိုမျိုး အရေးမပါတာတွေ လုပ်ရင်း သူမကိုယ်သူမ ခြေချုပ်မိသွားရခြင်းဖြစ်သည်။ အရင်းစစ်ရသော် ဤကိစ္စ၌ သူ့ထံတွင် တာဝန်အပြည့်အဝရှိနေသည်။

ချစ်ရသူကို အပါခေါ်၍Where stories live. Discover now