မနေ့ကတော့ တသည်းတည်းသည်းလွန်းပါသည့်မိုးဟာ ဒီနေ့တော့ မိုးသားတိမ်တောင်ပင် အရိပ်အယောင် ရှာမရတော့ဘဲ အရပ်မျက်နှာတစ်ခွင် ကြည်လင်နေသာနေသည်။
ခွေးတိုးပေါက်ကို ပြန်ဖာနေရင်း လွမ်းမာန်သည် နှောင်းသွဲ့၏အပြုအမူများကို ပြန်ဆန်းစစ်နေမိသည်။ အခုတလော မနက်မိုးသောက် အလင်းရောက်လို့ အိပ်ရာက ထပြီဆိုသည်နှင့် သူ့မှာ အရင်ဆုံး နှောင်းသွဲ့ ဘယ်လိုနေသလဲ ပြေးကြည့်မိသည်။ ဒီနေ့လည်း ပုံမှန်အတိုင်းပဲ နေကောင်းကျန်းမာသည်ဆိုမှ သူလည်း စိတ်လက်အေးချမ်းရ၏။
အိမ်နောက်ဖေးတွင် ဒီလောက်ကြီးသည့် ခွေးတိုးပေါက် ဘယ်လိုရှိနေသလဲ သူစဉ်းစား၍မရ။ သေချာကြည့်လေ လူလုပ်ထားသလိုခံစားရလေပင်။ ခွေးတစ်ကောင်က ဒီလိုမျိုး သစ်သားချောင်းတွေကို အရှည်အတို တစ်တန်းတည်း ညီအောင် ချိုးနိုင်ပါ့မလား။ ပန်းအိုးကလည်း သံသယဖြစ်ချင်စရာကောင်းလောက်အောင် ဒီနေရာမှာမှ ကွက်တိရှိနေသေးသည်။ မသိလျှင် တမင် မမြင်ရအောင် ကာထားသလိုပင်။
အဖြေနှင့်နီးစပ်နေပြီဟု ခံစားရသဖြင့် လွမ်းမာန်သည် ငြိမ်ငြိမ်လေး ထိုင်မနေဘဲ ခုန်ပေါက်နေသည့် နှောင်းသွဲ့ကို လှည့်ကြည့်မိရသည်။ နေပူတာကြောင့် သဲမြေသည်လည်း ပူနေမှာ အမှန်ပင်။ လုပ်လက်စကို ခဏရပ်ကာ ဖိနပ်လည်းမပါဘဲ ဟိုရှုပ်ဒီရှုပ်လုပ်နေသည့် နှောင်းသွဲ့ကို ကလေးချီသလို ကောက်ပွေ့လိုက်ပြီး မနီးမဝေးက ခုံပေါ် တင်ထားပေးလိုက်သည်။ တစ်မနက်လုံး တက်ကြွလွန်ပြီး ဆော့ကစားနေတာဖြစ်သည်။ ဒီလောက်ဆို တော်သင့် နားသင့်နေပြီလေ။
မနေ့က ခြံထဲကို ဒီအပေါက်ကနေ ဘယ်ကမှန်းမသိသည့် ခွေးလေးတစ်ကောင် ဝင်လာသည်။ ဘေးအိမ်တွေ မေးကြည့်တော့လည်း သူတို့လည်းသိမနေ။ ပိုင်ရှင်ကိုလည်း ရှာမတွေ့တာကြောင့် ထိုခွေးလေးကို မွေးစားလိုက်ဖို့ လွမ်းမာန်က တွေးနေတာဖြစ်သည်။ နှောင်းသွဲ့လည်း အိမ်တွင် အဖော်ရသွားအောင်ဖြစ်သည်။ သို့သော်နှောင်းသွဲ့က ခွေးလေးကို တစ်လျှောက်လုံး မသိချင်ယောင်ဆောင်ထားပြီး တစ်ယောက်တည်းသာ ဆော့နေသည်။ အရင်ကဆို အကောင်သေးသေးလေးတွေမြင်လျှင် သဲသဲလှုပ် အူယားတတ်သည့် ကလေးမက ဒီလိုမျိုး တုန့်ပြန်လာတာကြောင့် လွမ်းမာန်မှာ အံ့ဩရသည်။ တစ်ခုခုကတော့ ထူးကို ထူးဆန်းနေပြီဖြစ်သည်။
YOU ARE READING
ချစ်ရသူကို အပါခေါ်၍
Romanceလိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနုယဉ် လွင်မင်းဘိုအောင်+ယုဇန photo credit to the original owner