Enduring
ကြာရှည်စွာ တောင့်ခံနိုင်ခဲ့ရင် အဓွန့်ရှည်စွာ တည်တန့်ခိုင်မြဲနေမှာပဲပေါ့ ။ နောက်ဆုံးတော့ တောင့်ခံနိုင်သူများသာ ကျန်ရစ်ကြသည် ဆိုတဲ့သဘောတရားမျိုးပါပဲ ။ ဒါကြောင့် ကျွန်တော်တောင့်ခံနေခဲ့တယ် ။
ကျွန်တော်တောင့်ခံနေခဲ့တယ် ။ ခံစားချက်မျိုးစုံကို သိုဝှက်ဖုံးကွယ်ရင်း အတုအယောင် မျက်နှာတွေနဲ့ ပြုံးပြ ငိုပြနေကြတဲ့ လူတွေကြားထဲမှာ ။
ကျွန်တော် တောင့်ခံနေခဲ့တယ် ။ စိတ်လှုပ်ရှားတိုင်း သွေးခုန်းနှုန်းတွေ မြန်လာပြီး လှုပ်ရှားသက်ဝင်တဲ့ ချိုရီရီ ရစ်မူးဖွယ် ရနံ့တို့ ထုတ်လွှတ်တတ်ကြတဲ့ လူသားတွေကြားမှာ ။
ကျွန်တော်တောင့်ခံနေခဲ့တယ် ။ ကျွန်တော့်ရဲ့ အစွယ်တွေ ရှည်မလာဖို့ ။ ကျွန်တော့်ရဲ့ မျက်လုံးတွေ နီမလာဖို့ ။ ကျွန်တော့်ရဲ့ ဆာလောင်မှုတွေ ထပ်ပြီး မွတ်သိပ်မလာဖို့ ။
တကယ်တော့ အိမ်က ရေခဲသေတ္တာထဲက သွေးထုပ်အေးအေးတွေထက် စီးဆင်းလှုပ်ရှားနေတဲ့ ပူပူနွေးနွေး သွေးတွေက ပိုအရသာရှိမှန်း ကျွန်တော်သိပေမဲ့ ဆက်ပြီး တောင့်ခံထားနေရတုန်းပါပဲ ။
ကျွန်တော်မှာ သည်းခံပြီး ထိန်းချုပ်ထားရတဲ့ ကိစ္စရပ်တွေ သိပ်များလွန်းတယ် ။ ညအမှောင် လရောင်အောက်မှာပဲ ကျင်လည်ခဲ့ကြတဲ့ ကျွန်တော်တို့ မျိုးနွယ်တွေ နေရောင်ကို တောင့်ခံနိုင်ကြဖို့ စောက်လုပ်မရှိစွာနဲ့ နှစ်ရာပေါင်းများစွာ ကြိုးကုပ်အားထုတ်အောင်နိုင်ခဲ့ကြတဲ့ ဘိုးဘေးတွေကိုလည်း သည်းခံနေရတယ် ။ နေရောင်အောက်ထွက်နိုင်တာ ဘာများကောင်းကျိုးရှိလဲ ။ လူတွေနဲ့ ယှဉ်တွဲနေထိုင်နိုင်တာ ဘာများကောင်းကျိုးရှိလဲ ။ သည်းခံတောင့်ခံရတာ ပိုများလာတာပဲ မဟုတ်လား ။ ကျွန်တော်ကတော့ အဲဒီ စူးရှပူလောင်တဲ့ နေရောင်အောက် ထွက်ရတာ မကြိုက်ပါဘူး ။
သည်းခံနေရတာတွေ အကြောင်းပြောခါမှ သည်းခံရတဲ့ အကြောင်းတွေက ပိုတိုးပွားလာနေသေးတယ် ။ လူသားတွေရဲ့ အသက်အရွယ်နဲ့ လိုက်နှိုင်းယှဉ်ချိန်ကိုက်ပြီး ကိုက်ညီမယ့် အလုပ်တွေကို ထပ်တလည်းလည်း လုပ်ခိုင်းနေတဲ့ ဖခမည်းတော်ကိုလည်း သည်းခံနေရတယ် ။ ဒီ တက္ကသိုလ် ဆိုတာကို ကျွန်တော်ရောက်ရတဲ့ အကြိမ်အရေအတွက်ကို ရေတောင်မရေနိုင်တော့ဘူး ။ ဖခမည်းတော်ဘုရားက ကျွန်တော့်ကို လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းတက်ခိုင်းနေပေမဲ့ ကျွန်တော်ကတော့ တစ်နှစ်ထက် တစ်နှစ် လူတွေကို ရှောင်ဖယ်တတ်လာတုန်းပဲ ။ ဒီလိုချက်မတည့်တဲ့ ကမောက်ကမအခြေအနေတွေကိုလည်း ကျွန်တော် တောင့်ခံနေရတယ် ။
YOU ARE READING
October story
Short Storyဒါလေးက swan's short story facebook page က writing challenge လေးမှာ ဝင်join ဖြစ်တာလေးကို အမှတ်တရ တင်ထားဖြစ်တာလေးပါ ။