Surprise !
မျှော်လင့်မထားတဲ့ အံ့ဖွယ်ကိစ္စရပ်တွေက မထင်မှတ်ထားတဲ့ အချိန်မှာ ရောက်လာတတ်တာလေ ။
"လူးကပ်စ် ဒမ်ဆေး (Lucas De Musset)"
အခုလိုပေါ့ လုံးဝ မျှော်လင့်မထားတဲ့သူက မထင်မှတ်ထားတဲ့အချိန်မှာ ကျွန်တော့်နာမည်ကို တိတိကျကျကြီး လှမ်းခေါ်လိုက်သလိုမျိုး ။
ခေါ်သံတစ်ချက်မှာတင် ကျွန်တော် ဒူးထောက်ပစ်လိုက်ချင်ပါတယ် ကျွန်တော့်ရဲ့ လီလီပန်းကလေးရယ် ။
ဒီနေ့မှာ လီလီပန်းကလေးက ထုံးစံအတိုင်း ဆံပင်တွေကို နှဖူးပေါ် သပ်တင်ထားတယ် ။ သူ့ရဲ့ နှာတံချွန်ချွန်ကလေးက ရေခဲတောင်ထိပ်ဖျားလေးလိုပဲ ။ အေးစက်စက်မျက်ဝန်းတွေက ခါတိုင်းလိုပဲ စိမ့်ကြည်လို့ ။ သူ့နှုတ်ဖျားဆီက ကျွန်တော် နာမည်ကို ရေရွတ်ခေါ်ဆိုလာလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ရိုး အမှန်ပါ ။ အဲဒီအခိုက်အတန့်ဟာ ဘောင်ခတ်သိမ်းဆည်း မှတ်တမ်းတင်ထားချင်စရာလေးပဲပေါ့ ။
ကျွန်တော်တို့ တက္ကသိုလ်နားက ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ထိုင်ဖြစ်ခဲ့ကြတယ် ။ လီလီပန်းကလေးက Hot chocolate တစ်ခွက်ကို မွှေနှောက်နေရင်းက စကားစလာခဲ့တယ် ။
"လူးကပ်စ် (Lucas ) တစ်နေ့က ပန်းချီကားအတွက် ကျေးဇူးတင်ပါတယ်"
ဆိုင်းမဆင့် ဘုံမဆင့် ကျေးဇူးတင်စကားဟာ ကျွန်တော့်ရင်ကို လှိုင်းထသွားစေတယ် ။ တကယ်တော့ ကျွန်တော်ဟာ ကျေးဇူးတင်စကားတွေထက် လီလီပန်းကလေးရဲ့ အသိအမှတ်ပြုမှုကိုသာ ပိုလိုချင်ခဲ့သူပါ ။
" ကိုယ့်နာမည် အေတီအမ်နာ ကလင်းမွန့် (Etienne Clément)"
" ကျွန်တော် သိထားပါတယ် အေတီအမ်နာ"
လီလီပန်းကလေးရဲ့ မျက်ခုံးလေးဟာ မြင့်တက်သွားတယ် ။ သူလည်း အံ့အားသင့်သွားသလိုပဲ ။ သူ့အမူအရာ အရင်အတိုင်း အေးစက်စက် အထက်စီးဆန်ဆန်လေးပဲ ဖြစ်ပေမဲ့ သူအံ့အားသင့်သွားတာကို ကျွန်တော်ခံစားမိလိုက်တယ် ။
ကော်ဖီဝိုင်းလေးမှာ စကားသံတို့ တိတ်ဆိတ်လို့ ။ လီလီပန်းကလေးက ဖြတ်ခနဲ အကြည့်လွှဲပြီး အဝေးကိုငေးနေတယ် ။ ဘေးတိုက်မြင်နေရတဲ့ သူ့မျက်နှာ အချိုးအစားက သူသွားလေ့ရှိတဲ့ ပြတိုက်ထဲက ကျောက်ဆစ်ရုပ်တုလိုပဲ ။
YOU ARE READING
October story
Short Storyဒါလေးက swan's short story facebook page က writing challenge လေးမှာ ဝင်join ဖြစ်တာလေးကို အမှတ်တရ တင်ထားဖြစ်တာလေးပါ ။