Extraordinary Hearing
ကျွန်တော်တို့လို လူသားမဟုတ်တဲ့ သူတွေအတွက် အကြားစွမ်းရည်ဆိုတာ သာမန်ထက် လွန်ကဲတဲ့ အခြေအနေမှာရှိတယ် ။ ဒါပေမဲ့ ကျွန်တော်ကတော့ အရာရာကို မကြားသယောင်ပဲ ပြုထားလေ့ရှိတယ် ။ ကျွန်တော် ဂရုစိုက်မနေတဲ့ အသံပလံတွေ ၊ ကျွန်တော် ဂရုစိုက်မနေတဲ့ အကြောင်းအရာတွေကို ဘာကြောင့်များ အာရုံထားပေးနေရမှာလဲ ။
ဒါပေမဲ့ ကျွန်တော် အာရုံမထားလည်း ကျွန်တော့်နားစည်ဆီကို လာရောက်ရိုက်ခတ်နေတဲ့ အသံတစ်သံရှိနေတယ် ။
အဲဒီအသံကို ကျွန်တော် စကြားလာရတာ သိပ်မကြာသေးဘူး ။ တိတိကျကျပြောရမယ်ဆိုရင် အဲဒီအသံဟာ မိုးရွာနေတဲ့ တစ်ရက်မှာ စတင်ဖြစ်တည်လာခဲ့တာ ။ နောက်တော့ ခပ်မှောင်မှောင် လမ်းကြားထောင့်ချိုးလေးမှာ ။ အဲဒီနောက်များတော့ ကျွန်တော်ပတ်ဝန်းကျင်မှာ အခါအားလျော်စွာ ကြားနေရတော့တာပဲ ။ တိတ်ဆိတ်တဲ့ စာကြည့်တိုက်ထဲမှာ ၊ ကျောင်းစာသင်ခန်းထဲမှာ ၊ ကန်တင်းမှာ ၊ ကျောင်းဝန်းထဲက ကျွန်တော် အိပ်လေ့ရှိတဲ့ သစ်ပင်ကြီးအောက်မှာ ၊ ကျွန်တော်ထိုင်နေကျ ကော်ဖီဆိုင်မှာ ၊ ကျွန်တော် အမြဲသွားလေ့ရှိတဲ့ ပြတိုက်မှာ ။ နောက်ဆုံး ကျွန်တော့်ရဲတိုက်မှာက လွဲလို့ နေရာတိုင်းလိုလို ကြားနေရတယ် ။ ကြာလာတော့ အဲဒီအသံဟာ ငြီးငွေ့ဖွယ်ရာကောင်းတဲ့ ကျွန်တော့်နေ့စဉ်ဘဝရဲ့ နောက်ခံတေးသွားတစ်ခုလိုတောင် ဖြစ်လာသလိုပဲ ။
ဒုတ် _ ဒုတ် _ ဒုတ်
လူတစ်ယောက်ရဲ့ နှလုံးခုန်သံကို နောက်ခံတေးသွားလို့ ပြောလို့ ထူးဆန်းသွားလောက်မယ် ။ ဒါပေမဲ့ အဲဒါတကယ်အမှန်ပဲ ။ အဲဒီနှလုံးခုန်သံဟာ တခြားသူတွေရဲ့ နှလုံးခုန်သံနဲ့ မတူဘူး ။ သူ့ရဲ့ စည်းချက်က ကျွန်တော့်အတွက် ရင်းနှီးမှုတွေ သယ်ဆောင်လာသလိုပဲ ။ ဘာကြောင့်လဲတော့ ကျွန်တော်မသိဘူး ။
ဒုတ် _ ဒုတ် _ ဒုတ်
ကျွန်တော့် အကြည့်တွေကို အသံလာရာဆီ ရွှေ့လိုက်မိတယ် ။ ကောင်လေးဟာ တောင့်တင်းသွားသလိုနဲ့ ပြာပြာသလဲ အကြည့်လွှဲသွားလေရဲ့ ။ အဲဒီနောက် နောက်ခံတေးသွားဟာ စည်းချက်မြန်လာတော့တယ် ။
YOU ARE READING
October story
Short Storyဒါလေးက swan's short story facebook page က writing challenge လေးမှာ ဝင်join ဖြစ်တာလေးကို အမှတ်တရ တင်ထားဖြစ်တာလေးပါ ။