Season 1 ~ Chapter 7

306 8 0
                                    

Season 1 ~ Chapter 7

"ကဲ၊ သွားကြတော့ကွာ။ အစစအရာရာ ဂရုစိုက်ကြ။ အစ်ကို့အကူအညီ လိုတာရှိရင်လည်း အားမနာနဲ့၊ ဘာပဲဖြစ်ဖြစ် ဖုန်းသာဆက်လိုက်။ ဟုတ်ပြီလား"

အိမ်ပြန်ကြတော့မည့် သွေးသစ်နှင့် မေရွက်ဝါကို ကိုသီဟတို့ မိသားစုက ဟိုတယ်ရှေ့တွင် လာနှုတ်ဆက်နေကြခြင်း ဖြစ်သည်။

ခြောက်လောင်းဆက် လူသတ်မှုအတွက် စုံစမ်းစစ်ဆေးခြင်းများသည် တစ်ပတ်ခန့် ကြာမြင့်ခဲ့သဖြင့် ကိုသီဟအတွက် လိုအပ်သည်ကို ကူညီနိုင်ရန် သူတို့နှစ်ယောက်လည်း အမှုမပြီးမချင်း မပြန်သေးဘဲ စောင့်ပေးခဲ့ကြသည်။ သူတို့ စီစဥ်ထားသည့်အတိုင်း ရဲဌာနက စိတ္တဇ လူသတ်သမားဟု ခေါင်းစဥ်တပ်ပြီးပဲ အမှုကို ပိတ်သိမ်းခဲ့သည်။ တရားခံကလည်း သေသွားပြီမို့ အားလုံး အပြီးအပြတ် ပြီးသွားခဲ့ပြီ။ သွေးသစ်က တရားခံကို သတ်မိသွားခဲ့သော်လည်း သူသူ့ကိုကာကွယ်ရင်း ဖြစ်သွားခဲ့တာမို့ ဘာစွဲချက်မှ အတင်မခံခဲ့ရ။

နောက်ထပ် အလုပ်အပ်ထားသူလည်းမရှိ၊ အိမ်မပြန်ရတာလည်း ကြာပြီမို့ ခရီးမရှည်တော့ဘဲ ကိုယ့်မြို့ကိုယ်ပြန်ကြဖို့ သွေးသစ် အကြံပေးတာကို မေရွက် လက်ခံလိုက်သည်။ သူမလည်း အမေနှင့် မတွေ့ရတာ ကြာပြီမလား။

သူမတို့မှာ ပစ္စည်းပစ္စယက များများမပါ။ တစ်ယောက်ကို အိတ်တစ်အိတ်စီပဲမို့ ကားပေါ် ပစ္စည်းတင်ခြင်းအလုပ်က ချက်ချင်းပြီးသွားသည်။ မနဒီခါးကို ဖက်ထားသည့် သူသူလေးက -

"သူသူလည်း မမမေရွက်တို့နဲ့ လိုက်ခဲ့ရရင် ကောင်းမှာပဲ"

မြို့ငယ်လေးတွင် မနေချင်ဘဲ မြို့ကြီးပြကြီးကိုသာ သွားချင်နေသည့် သူသူ့ရောဂါကလည်း မသေး။ မေရွက်တို့ ပြန်တော့မည်ဆိုတာ ကြားကြားချင်း သူမကိုပါ ခေါ်သွားဖို့ ပူဆာသေးသည်။ ကိုသီဟက သူ့အလုပ်က ခွင့်ရသည်နှင့် တစ်ပြိုင်နက် မနဒီမိဘများ ရှိရာမြို့ဆီ လိုက်ပို့ပါမည်ဟု ကတိပေးတော့မှ နှုတ်ခမ်းလေး တစူစူနှင့် ငြိမ်သွားသည်။ ဒါတောင် "သမီးက အဲ့လိုမျိုး ခဏလေး အလည်သွားချင်တာ မဟုတ်ဘူး။ အပြီးသွားနေချင်တာ" ဆိုပြီး အတွန့်တက်နေသေးသဖြင့် မနဒီက ဗိုက်ခေါက်လိမ်ဆွဲထားရသည်။

ထိုအရာသည် အဆိပ် သို့မဟုတ်...Where stories live. Discover now