Season 2 ~ Chapter 10
မေရွက်စကားအဆုံးတွင် ခန်းမကြီး၏တံခါး ဝုန်းခနဲမြည်ပြီး ပွင့်လာသည်။ ရှေ့ဆုံးမှ ဝင်လာသူက မိစ္ဆာကောင် မင်းဥက္ကာသခင်။ သူ့လက်ထဲတွင် ရုန်းရင်းကန်ရင်း ယက်ကန်ယက်ကန် ပါလာသူက ဒေဝီစံမြန်း။
"ဒေဝီ"
သူမအနား ပြေးသွားလိုက်ချင်သော်လည်း သွေးသစ်တစ်ကိုယ်လုံးကို ချည်နှောင်ထားသည့်ကြိုးများက ခိုင်ခံ့လှသည်။ ထိုင်ခုံပေါ်ကနေ တစ်လက်မလောက်တောင် ကြွလို့မရ။ သူ့ခေါ်သံကြားတော့ မိစ္ဆာကောင် ကိုင်ထားသည့် သူမလက်မောင်းကို ရုန်းထွက်ဖို့ ကြိုးစားနေသည့် ဒေဝီစံမြန်းက သူ့အသံ ထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လာသည်။
"သွေးသစ်၊ ရှင် ဒါက ဘယ်လိုဖြစ်..."
သူမမျက်လုံးများသည် ပထမ သွေးသစ်ဆီ၊ ထို့နောက် မေရွက်ဝါ၊ နောက်ဆုံး မင်းဥက္ကာသခင်ဆီ ပြန်ရောက်သွားသည်။
"ရှင် ဘာတွေ လုပ်ထားပြန်ပြီလဲ"
ဖြန်း။
မိစ္ဆာကောင်၏ လက်ဝါးတစ်ချက်အယမ်းတွင် ဒေဝီ့ခန္ဓာကိုယ်လေး ကြမ်းပြင်ပေါ် ခွေလဲကျသွားတော့သည်။ မိစ္ဆာကောင်က ဒါနှင့်တောင် မကျေနပ်နိုင်သေးဘဲ ဒေဝီ့လည်ပင်းကနေ ဆွဲမထူကာ -
"မင်းပါးစပ်ကို ပိတ်ထားလိုက် ဒေဝီ။ မင်းအနေအထားက ငါ့ကိုပြန်ပြီး မေးခွန်းထုတ်နေလို့ ရတဲ့အဆင့်မှာ ရှိမနေတော့ဘူးဆိုတာ မင်းကိုယ်မင်း သတိရဦး"
"ခင်ဗျား ဒေဝီ့ကို အခုချက်ချင်း လွှတ်လိုက်"
မခံမရပ်နိုင်တော့ဘဲ သူ့ပါးစပ်က အော်ထွက်သွားမိတော့ မိစ္ဆာကောင်က သွေးသစ်ကိုလှည့်ကြည့်ကာ မချိုမချဥ် ပြုံးပြသည်။ ထို့နောက် ဒေဝီ့ကို လွတ်နေသေးသော ကုလားထိုင် တစ်လုံးပေါ်သို့ ပစ်ချလိုက်သည်။
သူမလည်ပင်းကို လက်နှင့် အပြင်းအထန်ပွတ်ရင်း အသက်ကို အငမ်းမရ ရှိုက်ရှူနေသည့် ဒေဝီစံမြန်းကိုကြည့်ရင်း သွေးသစ်ရင်ထဲတွင် ဓားအစင်းပေါင်း မြောက်မြားစွာက သူ့နှလုံးသားကို တစ်ပြိုင်နက်တည်း တစ်စစီ ခုတ်ပိုင်းနေသည့်အလား။
YOU ARE READING
ထိုအရာသည် အဆိပ် သို့မဟုတ်...
General FictionType - boy×girl Genre - Psycho, Thriller ကျွန်တော့်နာမည် 'သွေးသစ်'။ လုပ်တဲ့အလုပ်က သွေးစုပ်ကောင်မုဆိုး။ ကျွန်တော့်မှာ 'မေရွက်ဝါ' ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မိန်းကလေးတစ်ယောက် ရှိတယ်။ 'ဒေဝီစံမြန်း' ဆိုတဲ့ ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိတယ်။...