Season 2 ~ Chapter 12

297 7 0
                                    

Season 2 ~ Chapter 12

အဖြစ်အပျက်များသည် စက္ကန့်ပိုင်းမျှသော အချိန်အတွင်း၊ မျက်စိတစ်မှိတ်အတွင်းမှာ ဆက်တိုက် ဖြစ်ပျက်သွားခဲ့သည်။

စားပွဲပေါ်တွင် ရှိနေသည့်ဓားမြှောင်ကို သွေးသစ် ဖျတ်ခနဲ လှမ်းဆွဲလိုက်သည်။ သို့သော် မင်းဥက္ကာသခင်က သူ့ထက် ပိုလျင်မြန်နေသည်။ သူဘာလုပ်တော့မည်ဆိုတာကို ချက်ချင်း သိလိုက်ပုံနှင့် ရှေ့သို့ကိုင်းလာပြီး စားပွဲပေါ်က ဓားမြှောင်ကို ဘေးသို့ တွန်းထုတ်လိုက်သည်။

ဓားမြှောင်က စားပွဲပေါ်မှနေပြီး ကြမ်းပြင်ပေါ် ထောက်ခနဲ ပြုတ်ကျသည်။ ပြုတ်ကျသွားသည့်နေရာက ဒေဝီစံမြန်း ခြေထောက်နား။ ဒေဝီစံမြန်းက ထိုဓားမြှောင်ကို ခြေထောက်နှင့် ကန်ထုတ်လိုက်သည်။ သူမ ဦးတည်ပြီး ကန်လိုက်သည်က သွေးသစ် ရှိနေရာဆီသို့ ဖြစ်သော်လည်း သူမကန်ချက်က လိုတာထက် ပိုပြင်းသွားသဖြင့် ဓားမြှောင်သည် သွေးသစ်ကိုကျော်ကာ မေရွက်ဝါအနားထိ လျှောထွက်သွားသည်။

သွေးသစ် အပြေးအလွှား လိုက်ကောက်သော်လည်း မမီတော့။ မေရွက်က ဖျတ်ခနဲငုံ့ပြီး ကုန်းကောက်လိုက်ပြီ။ ဓားမြှောင်သည် သူမလက်ထဲတွင် မီးရောင်အောက်၌ တလက်လက်။

မေရွက်လက် လှစ်ခနဲ လှုပ်ရှားလိုက်သည်ကို မြင်လိုက်ရပြီးနောက် ထိုလက်နေသည့် ဓားသွားသည် သူမလက်ထဲကနေ လေထဲသို့ ဝေ့ကာဝဲကာ ပျံသန်းသွားသည်။ ဓား၏ ဦးတည်ရာကို သိလိုက်သည်နှင့် တစ်ပြိုင်နက် သွေးသစ် အမြန်လှုပ်ရှားပြီးသား။ မှင်သက် ကြောင်ငေးနေသည့် ဒေဝီစံမြန်းဆီ အပြေးသွားပြီး ပခုံးကနေ တွန်းထုတ်လိုက်သည်။

ဒေဝီရော၊ သူမ ထိုင်နေသည့်ခုံပါ ကြမ်းပြင်ပေါ် တစောင်းလဲကျသွားသည့်အသံ ကြားရသည်။ သူကိုယ်တိုင်ပါ ကြမ်းပေါ်ဝပ်ချဖို့ ရည်ရွယ်ထားသော်လည်း နောက်ကျသွားသည်၊ မမီလိုက်တော့။ မေရွက် ပစ်ပေါက်လိုက်သည့် ဓားမြှောင်သည် သွေးသစ်၏ ဘယ်ဘက်လက်မောင်းကို ထုတ်ချင်းပေါက် စိုက်ဝင်သွားသည်။

"သွေးသစ်"

"သွေးသစ်"

ကြောက်မက်ဖွယ် နာကျင်မှုကြားမှ အမျိုးသမီးနှစ်ယောက်၏ အော်သံစူးစူးကို သွေးသစ် ပီပြင်စွာ ကြားလိုက်ရသည်။ အော်သံက နှစ်သံပေမယ့် သူ့မြင်ကွင်းထဲတွင် ရှိနေသူက ဒေဝီစံမြန်း တစ်ယောက်သာ။ ကုလားထိုင်အောက်တွင်ပိလျက် ကြမ်းပေါ်ကနေ ထမလာနိုင်သေးသည့် သူမကိုကြည့်ရင်း သူမရင်ဝကို ထိုးစိုက်လာမည့် ဓားသွားကို သူ့လက်မောင်းနှင့် ခံပေးလိုက်ရသည်မှာ တန်ပါသည်ဟုသာ သူ့စိတ်က တွေးနေမိသည်။

ထိုအရာသည် အဆိပ် သို့မဟုတ်...Where stories live. Discover now