Season 1 ~ Chapter 8

323 5 2
                                    

Season 1 ~ Chapter 8

"မေမေရယ်၊ အိမ်ထဲက စောင့်နေတာမဟုတ်ဘူး။ ဘာလို့ အပြင်ထွက်စောင့်နေတာလဲ"

"ငါ့သမီးလေးနဲ့ ငါ့သားလေးကို မတွေ့ရတာ ကြာပြီဆိုတော့ တွေ့ချင်ဇော အားကြီးနေလို့ပါအေ။ ငါ့သမီးလေးက ပြုံးပြုံးရွှင်ရွှင်လေးပါလားဟဲ့။ မြင်ရတာ စိတ်ချမ်းသာလိုက်တာ"

"ဪ မေမေရယ်။ မေမေ့ဆီပြန်လာတာ သမီးက ပြုံးပြီး ပြန်မလာလို့ ငိုပြီး ပြန်လာရမှာလား"

"အေးပါဟယ်။ လာ လာ၊ အိမ်ထဲဝင်ရအောင်။ သားလည်း လာလေ။ ကားမောင်းလာရတာ ညောင်းလာရောပေါ့။ တစ်လမ်းလုံး သားပဲ မောင်းရတာလား။ မေရွက်က တစ်လှည့် မောင်းမပေးဘူးလား"

"မောင်းမပေးပါဘူးဗျာ။ တစ်လမ်းလုံး တခေါခေါနဲ့အိပ်လိုက်၊ နိုးလာရင် စကားတွေထပြောလိုက်၊ ပြီးရင် ပြန်အိပ်လိုက် လုပ်လာတာ အန်တီ့သမီးက"

"အောင်မာ၊ နင်နော်"

"ကြောင်နဲ့ကြွက်ရေ၊ အိမ်ထဲရောက်မှ ရန်ဖြစ်ကြတော့။ အထဲအရင်ဝင်ကြဦး"

"ငါကကြောင် နင်ကကြွက်"

"ဟုတ်မနေဘူး။ ငါကမှကြောင်။ ငယ်ငယ်ကတည်းက ငါက အမြဲ ကြောင်ပဲလုပ်လာတာ"

အသက်တွေသာ ကြီးနေကြပေမယ့် ကလေးဆိုးကြီးတွေလို ရန်ဖြစ်နေကြသည့် ကလေးနှစ်ယောက်ကိုကြည့်ရင်း မေရွက်ဝါ၏မိခင် ဒေါ်ဝါဝါမေတစ်ယောက် ပြုံးပျော်ကြည်နူးမဆုံး ဖြစ်နေသည်။ ဧည့်ခန်းထဲရောက်ကြတော့ သူမ အသင့်ဖျော်ထားသည့် သံပုရာရည် အေးအေးလေးကို ချပေးလိုက်တော့ နှစ်ယောက်သား အငမ်းမရ သောက်ကြတော့သည်။

"ပြောကြပါဦး။ ဒီတစ်ခေါက်က ဘယ်တွေရောက်ပြီး ဘာတွေ လုပ်ခဲ့ကြလဲ"

"ရောက်ခဲ့တဲ့ နေရာတွေကတော့ အများကြီးပဲ မေမေ"

"နောက်နေ့ကျ အန်တီ့ကို အားလုံးပြောပြမယ်။ အခုတော့ ညောင်းလို့ အိပ်လိုက်ဦးမယ်။ သွား၊ မေရွက်။ နင် ဟိုဘက်ခုံကိုပြောင်း"

သွေးသစ် တွန်းလွှတ်လိုက်သဖြင့် မေရွက်မှာ နှစ်ယောက်ထိုင်ဆိုဖာပေါ်ကနေ ထပြီး နေရာဖယ်ပေးလိုက်ရသည်။ သွေးသစ်က ဆိုဖာပေါ် မဆန့်မပြဲ လှဲအိပ်သည်။ သူ့ခြေထောက်ကြီးနှစ်ဖက်က ခုံပေါ်မှာမဆန့်။ အပြင်ဘက်ကို အတန်းလိုက်ကြီး စွန်းထွက်နေသည်။ မေမေက မနေနိုင်ဘဲ ဝင်ပြောပေးရှာသည်။

ထိုအရာသည် အဆိပ် သို့မဟုတ်...Tempat cerita menjadi hidup. Temukan sekarang